နေပြည်တော် ၄ ဇွန်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့တို့ ထိတွေ့မှု ဖြစ်ပွားပြီး ARSA အကြမ်းဖက်အဖွဲ့မှ အလောင်းနှစ်လောင်း၊ သေနတ် နှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ် နှစ်နိုင်ငံနယ်ခြားမှတ်တိုင်(၃၄) နှင့်(၃၅)ကြား၌ တာဝန်ယူဆောင်ရွက်နေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲဒုတပ်ကြပ် မင်းနိုင်ဦး ဦးစီးအဖွဲ့သည် ကင်းရှည်လုံခြုံရေးတာဝန် ဆောင်ရွက်နေစဉ် ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် မီးဒိုက်ကျေးရွာဘက်မှ နယ်စပ် ခြံစည်းရိုးဘက်သို့ ထွက်ခွာလာသည့် ARSA အကြမ်းဖက် အဖွဲ့ အင်အား ၂၅ ဦးခန့်နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီခန့်တွင် ARSA အကြမ်းဖက်အဖွဲ့သည် မီးဒိုက်ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ARSA အကြမ်းဖက်အဖွဲ့မှ ပြောက်ကျား ယူနီဖောင်းဝတ် အလောင်း နှစ်လောင်း၊ သေနတ် နှစ်လက်( M 16 တစ်လက်နှင့် BA 94 တစ်လက်)၊ ကျည် ၅၄ တောင့်(၅.၅၆ ကျည် ၂၈ တောင့်နှင့် ၉ မမကျည် ၂၆ တောင့်)၊ ကျည်အိမ် နှစ်ခု(M 16 တစ်ခုနှင့် BA 94 တစ်ခု) သိမ်းဆည်းရမိခဲ့ကြောင်း။
ရဲတပ်ဖွဲ့ဝင်တစ်ဦးတွင် ဝမ်းဗိုက် ယာဘက်နှင့် ယာခြေသလုံး လက်နက်ငယ်ကျည်ဖောက်ဝင် ဒဏ်ရာနှင့် ကျန်တစ်ဦးတွင် ယာတင်ပါးလက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာတို့ ရရှိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား ညနေ ၇ နာရီခွဲ ခန့်တွင် တောင်ပြို တိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။
သတင်းစဉ်