မောင်တော ၁၀ ဇန်နဝါရီ
ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ချောင်းရွာသစ်အနီး တောဆင်ရိုင်းတစ်ကောင် နင်းသတ်၍ လူတစ်ဦးသေဆုံးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက်အရ ကြိမ်ချောင်းနယ်မြေရဲစခန်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်စစ်ဆေးရာတွင် ကျောက်ချောင်းရွာသစ် လယ်ကွင်းစပ်တွင် ကျောက်ချောင်းရွာသစ်နေ (ဘ) ဒီလ်မူဟာမတ်၏သား ရှောင်ရှူးအာလောင် (၂၄)နှစ်အား သေဆုံးလျက် တွေ့ရှိရပြီး သေဆုံးသူ၏အနီးမှ တောဆင်ရိုင်းတစ်ကောင် ထွက်သွားသည်ကို တွေ့ရကြောင်း၊ ဝဲမျက်လုံး ပွန်းပဲ့ဒဏ်ရာ၊ ဝမ်းဗိုက်ပွန်းပဲ့ဒဏ်ရာ၊ ဝဲဒူးခေါင်းအောက်ပိုင်း အရိုးကြေမွဒဏ်ရာများ ရရှိကာ သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ သေဆုံးမှုနှင့်ပတ်သက်၍ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN