နေပြည်တော်  ၉  သြဂုတ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ယမန်နေ့က တရားမဝင် Marbel တံဆိပ်ပါ စီးကရက်တောင့် ၄၅၀ နှင့် နွား ၁၃ ကောင် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မောင်တောမြို့နယ် နယ်မြေ(၃) မီးတိုက်ကျေးရွာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ စီးကရက်များ တရားမဝင် ပို့ဆောင်နေကြောင်း သတင်းအရ ဩဂုတ် ၇ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ မီးတိုက်ကျေးရွာအနီး၌ စောဖြူ (ဘ)ဦးနေရောင်လ မီးတိုက်ကျေးရွာနေသူ သယ်ဆောင်လာသည့် Marbel တံဆိပ်ပါ စီးကရက်တောင့် ၄၅၀ (၁ တောင့်လျှင် ကျပ် ၄၀ဝ၀ နှုန်းဖြင့် တန်ဖိုးငွေကျပ်ကျပ် ၁၈ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ညနေ ၄ နာရီတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ် နယ်မြေ(၁)နယ်စပ် မှတ်တိုင်(၄၇/၄၈)အကြား၌ တရားမဝင် နွားအရောင်းအဝယ်ပြုလုပ်သူများ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ နယ်စပ်အနီးတွင် မောင်တောမြို့နယ် အောင်သပြေကျေးရွာနေ ဦးထွန်းမောင် (ဘ)ဦးဉာဏ်အောင်ပါ အမျိုးသားနှစ်ဦးအား နွား ၁၃ ကောင်(အထီး ၁၂၊ အမ ၁) (တန်ဖိုးငွေကျပ်ကျပ် ၅၅ ဒသမ ၃ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်