မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂သိန်းနီးပါး ဖမ်းဆီးရမိ

နေပြည်တော်   ၂၅   ဧပြီ

           

မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု စေတီပြင်ကျေးရွာတွင် ဧပြီ ၂၄ ရက် မွန်းလွဲ ၁ နာရီက စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းနီးပါး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

           

မူးယစ်တပ်ဖွဲ့စု(၄၆)မောင်တောမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ စေတီပြင်ကျေးရွာနေ ဟူဆောင်းရှော်ရိပ်၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အတွင်းမှ အူစမန်၊ အဒူရောရှိတ်၊ မာမတ်အာမိန်နှင့် အဘူမော်ဇူတို့အား တွေ့မြင်ရပြီး ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ မာမတ်အာမိန်နှင့် အဘူမော်ဇူတို့  ၂ ဦးအား ပြန်လည် ဖမ်းဆီးရမိ၍ ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၄၆၀ ကိုလည်းကောင်း၊ အလားတူည ၇ နာရီက လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ်၊ ဦးရှည်ကျ ကျေးရွာ၊ အမှတ်(၅)ရပ်ကွက်နေ အာမတ်ခေါ်ရိမ်၏ နေအိမ်ကိုရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်၏ မြေကြီးအတွင်း၌မြှုပ်နှံထားသည့် ဆာလာအိတ်ထဲမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅၂၅၀  သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ နားဖကျေးရွာအနီး၊ လားရှိုး-မိုင်းယော်သွားကားလမ်း၌ အိုက်ခမ်း မောင်းနှင်ပြီး အိုက်ရီလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ထွက်ပြေးသွား၍ လိုက်လံဖမ်းဆီးရာ အိုက်ရီအား ဖမ်းဆီးရမိပြီး ဆိုင်ကယ်ပေါ်မှ ဘိန်းစိမ်း ၇ ဒသမ ၈ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN