မောင်တော ဩဂုတ် ၉

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်းပြီး ဩဂုတ် ၆ ရက် နံနက်ပိုင်းမှစ၍ ခွဆုံကျေးရွာတွင် ရေကြီးရေလျှံမှုဖြစ်ပွားကာ လူနေအိမ်များသို့ ရေဝင်နစ်မြုပ်ပြီး တံတားနှစ်စင်း ပျက်စီးခဲ့ကြောင်း သိရသည်။ 

 

ရေကြီးရေလျှံမှုများကြောင့် သစ်တုံးနားကျေးရွာအုပ်စု၊ ခွဆုံကျေးရွာရှိ နေအိမ်များအတွင်းသို့ ရေဝင်နစ်မြှုပ်သည့်အတွက် အိမ်ထောင်စု ၂၁၇ စုမှ လူဦးရေ ၂၆၁ ဦးအား ရေဘေးလွတ်ရာ အိုးထိန်းကျေးရွာရှိ စုပေါင်းခန်းမအဆောင်သို့ ယာယီပြောင်းရွှေ့ နေရာချထားပြီး လတ်တလော စားသောက်ရေး အဆင်ပြေစေရေး တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မောင်တော-အောင်သပြေ ကားလမ်းပေါ်ရှိ သစ်တုံးနားကျေးရွာအုပ်စု၊ လကျ်ာချောင်းတံတား အလျား ၂၆၀ ပေ၊ အနံ ၁၂ ပေရှိ ကွန်ကရစ်တိုင်၊ သစ်သားခင်း အမျိုးအစားမှာ မောင်တောဘက်မှအတက် တံတားအခင်းနှင့် ဘောင်းတန်း ၆၀ ပေခန့် ရေထဲမျောပါပျက်စီးခဲ့ကြောင်း၊ ရဲအောင်စံရဖွေကျေးရွာအုပ်စု မာဇီးတံတား အလျား ၂၀၀ ပေ၊ အနံ ၁၂ ပေရှိ ကွန်ကရစ်တိုင်၊ သစ်သားခင်းအမျိုးအစားမှာ တံတားအောက်၌ အမှိုက်များပိတ်ဆို့၍ ၂၀ ပေခန့် သစ်သားအခင်းများ မျောပါပျက်စီးခဲ့ကြောင်း၊ ယာဉ်အသွားအလာ ပြတ်တောက်လျက်ရှိပြီး ဩဂုတ် ၈ ရက် ညနေပိုင်းထိ ရေကြီးမှုများဖြစ်ပေါ်လျက်ရှိကာ ရေများပြန်လည်ကျဆင်းသွားပါက လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးအတွက် အမြန်ဆုံးပြုပြင်နိုင်ရန် သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သက်လွင်စိုး၊ အောင်ကျော်စိန် (ခရိုင် ပြန်/ဆက်)