မောင်တော ၆ ဇန်နဝါရီ  
 
မောင်တောမြို့တွင် မြို့မဈေးအတွင်း ဖွင့်လှစ်ထားသော ဖုန်းနှင့်လျှပ်စစ်ပစ္စည်း အရောင်းဆိုင်တစ်ဆိုင်မှ စုစုပေါင်း ခန့်မှန်းကာလတန်ဖိုး ၇၇၆၁ သိန်းရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က မူးယစ်တပ်ဖွဲ့စု (၄၆)နှင့် ပူးပေါင်းအဖွဲ့သည် ရပ်ကွက်တာဝန်ရှိသူများ လိုက်ပါလျက် မူးယစ်ဆေးဝါးသတင်းအရ မူးယစ်ဆေးဝါးရှာဖွေဝရမ်းဖြင့် မြို့မဈေးတောင်ဘက် ဆိုင်တန်းတွင် ဖွင့်လှစ်ထားသော ဖုန်းနှင့်လျှပ်စစ်ပစ္စည်းများ ရောင်းချသည့် ဆိုင်ပိုင်ရှင် မိုဟာမတ်ဆူဖိုက် (ဘ)ဒီမိုဟာမတ် ဆိုင်၏ နောက်ဘက်ပစ္စည်း သိုလှောင်ခန်းအား စစ်ဆေးရာ ဂျပ်ဖာပုံးများအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ဆေးပြား (၃၈၈၀၅၀) ပြား၊ အလေးချိန် (၃၈.၈၀၅) ကီလို (ခန့်မှန်းကာလတန်ဖိုး ၇၇၆၁ သိန်း)အား တွေ့ရှိရသဖြင့် သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီး ကွင်းဆက်တရားခံ ဖော်ထုတ်ဖမ်းဆီးရန်နှင့် အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)