ကိုလင်း

သဘာဝကျကျဇာတ်ရုပ်များကို အဓိက သရုပ်ဆောင်လေ့ရှိပြီး အနုပညာလောကထဲတွင် ပုံမှန်လျှောက်လှမ်းရင်း ကြိုးစားနေသူ သရုပ်ဆောင် အိချောပိုအနေဖြင့် Dream Film Production  မှ ထုတ်လုပ်ရိုက်ကူးနေသည့် မှောင်တိုက် ရုပ်ရှင်ဇာတ်ကားတွင်လည်း သဘာဝကျသည့် ဇာတ်ကောင် စရိုက်တစ်ခုဖြင့် ပါဝင်သရုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၁၁ ရက်မှစ၍ ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ချိုဝတ်ရည်က ရိုက်ကူးနေသည့် မှောင်တိုက် ရုပ်ရှင်တွင် အိချောပိုနှင့်အတူ ကျော်ကျော်ဗိုလ်၊ ပိုင်တံခွန်၊ မင်းမြတ် စိုးစံ၊ ဇင်မျိုး၊ Emily Bo၊ သိင်္ဂီထွန်း၊ မျိုးမျိုးခိုင် စသည့် သရုပ်ဆောင်များ ပါဝင်ထားရာ အဆိုပါဇာတ်ကား ရိုက်ကူးမှု နှင့် ပတ်သက်၍ အိချောပိုနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

မေး။ မှောင်တိုက် ရုပ်ရှင်မှာ ကာရိုက်တာက ဘယ်လိုလဲ။

ဖြေ။ မှောင်တိုက် ရုပ်ရှင်ကားမှာ ကိုကြံ့ကို ကြိုက်နေတဲ့ ခပ်သွက်သွက် ကောင်မလေးတစ်ယောက် ပုံစံပေါ့။ ချူဆီဇာတ်လမ်းပုံစံဆိုပေမယ့် အဲဒီကားမှာတုန်းကတော့ နည်းနည်း ကြောက်တတ်တဲ့သူပေါ့။ အလုပ်လုပ်တယ်ဆိုပေမယ့် မရဲဘူး၊ ဒီဇာတ်ကားမှာတော့ စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့ ခပ်လည်လည် ခပ်သွက်သွက် ကောင်မလေး တစ်ယောက်ရဲ့ပုံစံမျိုး သရုပ်ဆောင်ရမှာပါ။

မေး။ ဒီထဲက ကာရိုက်တာလေးက ကိုယ့်အတွက် လိုက်ဖက် မှု ရှိနိုင်မလား။

ဖြေ။ ခပ်သွက်သွက်၊ ခပ်လည်လည် ကောင်မလေးတစ် ယောက်ပုံစံ ဖြစ်အောင်တော့ ကြိုးစားရမှာပါ။ ဒီကာရိုက်တာမျိုးက လုပ်တော့လုပ်ဖူးတယ်။ ဒါပေမယ့် ဒီမှာကျတော့ ဇာတ်အရ အလှည့်အပြောင်းတွေ အများကြီး ပါပါတယ်။ ပရိသတ်အမြင်မှာတော့ ဆန်းမှာပါ။ ဒီကားက ကာရိုက်တာပိုင်းဆန်းလို့ ပရိသတ်တွေက ထင်မထားတဲ့ သရုပ်ဆောင်မှုတွေကို မြင်ရမှာပါ။

မေး။ ဇာတ်ကားအတွက် ပြင်ဆင်မှုအပိုင်းကရော။

ဖြေ။ ဒီကာရိုက်တာဖြစ်လာဖို့ ဒါရိုက်တာ မချိုဝတ်ရည်ကလည်း အကြိမ်ကြိမ် လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်၊ အိုက်တင်ပိုင်းတွေရော၊ ပြင်ဆင်မှုအပိုင်းက မိတ်ကပ်၊ ဆံပင်နဲ့ အဝတ်အစားရော သူတို့ထုတ်လုပ်ရေးက စီစဉ်ပေးမှာပါ။ လူပဲသွားပြီး ရိုက်ကူးရုံပါပဲ။ ဘယ်ဆင်းန်မှာ ဘယ်လို ဝတ်မယ်ဆိုတာ သူတို့ စီစဉ်ပေးမှာပါ။ တချို့ရုပ်ရှင်တွေမှာ အဝတ်အစားပိုင်းတွေ ကိုယ်တိုင်ပြင်ဆင်ရတယ်။ အခုကတော့ ပြင်ဆင်စရာ မလိုတော့ သရုပ်ဆောင်ပိုင်းကို ပိုအာရုံစိုက်နိုင်တာပေါ့။

မေး။ ဒီဇာတ်ကားအပြင် ထပ်ပြီး ဘာကားရိုက်ဖို့ရှိဦးမလဲ။

ဖြေ။ ပလေရာဆိုတဲ့ ရုပ်ရှင်ကားကြီး နောက်တစ်ကား ရိုက်ဖို့ရှိပါတယ်။ အဲဒီကားမှာ သရုပ်ဆောင်တွေက မင်းသားတွေ တော်တော်များပါတယ်။ အဲဒီမှာလည်း ခပ်လည်လည် ကာရိုက်တာမျိုးနဲ့ ပါဝင်သရုပ်ဆောင်ရမှာပါ။ ခပ်လည်လည် ဆိုပေမယ့် ရပ်ကွက်ဆန်တဲ့ ကောင်မလေးတစ်ယောက်ပေါ့။ တစ်ခုနဲ့တစ်ခုတော့ မတူပါဘူး။ ရုံတင်မယ့်ကားတွေလည်း ကျန်ပါသေးတယ်။

မေး။ သီချင်းခွေလေးလည်း ဖန်တီးနေတယ်ဆို။

ဖြေ။ ဟုတ်၊ သီချင်းခွေအတွက်လည်း စီစဉ်နေပါတယ်။ သီချင်းခွေဆိုတာက အချိန်ပေးရတယ်၊ အမှားအယွင်း ဖြစ်သွားမှာလည်း ကြောက်တယ်၊ အဲဒါကြောင့် အခု ကားရိုက်ဘက်ပဲ အချိန်ပေးထားလို့ သိပ်မလုပ်ဖြစ်သေးတာပါ။ သီချင်းတွေ အပ်ထားတာတော့ ရှိပါတယ်။ ကိုယ့်အသံနဲ့လိုက်မယ့် ဂီတကို ရွေးဆိုမှာပါ၊ Single ထွက်ဖို့တော့ စဉ်းစားထားတယ်။ လောလောဆယ်တော့ မလုပ်ရသေးပါဘူး။

မြန်မာ့အလင်း