ရန်ကုန် ၁၉ မေ
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန် စက်မှု(၂)လမ်းမှ Mysarco အလူမီနီယံ ထုတ်လုပ်သည့် စက်ရုံတွင် မေ ၁၇ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားသည်။
မီးလောင်ရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ညွှန်ကြားရေးမှူး(စီမံ) ဦးသိန်းထွန်းဦး၊ ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးမျိုးဝင်း ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၉၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၇ ဦး၊ တပ်မတော်သား အင်အား ၅၀ တို့က မီးငြိမ်းသတ်ယာဉ် အစီး ၂၀ ဖြင့် ငြိမ်းသတ်ခဲ့ရာ မေ ၁၈ ရက် နံနက် ၆ နာရီမှသာ မီးငြိမ်းခဲ့သည်။
မီးလောင်မှုကြောင့် ကန်အတွင်း စုထည့်ထားသော အလူမီနီယံပစ္စည်းများ၊ ကော်လံသံတိုင်နှစ်တိုင်နှင့် ချုပ်တန်းကော်လံ သံတိုင်သုံးတိုင် မီးလောင်ခဲ့သည်။ မီးလောင်မှုကြောင့် ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ ဒုတပ်ကြပ် တင်နိုင်ထွန်းမှာ ခဲစများထိမှန်ပြီး ဒဏ်ရာ (မစိုးရိမ်ရ)ရရှိသဖြင့် အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူခဲ့ရသည်။
အဆိုပါ မီးလောင်မှုကြောင့် Mysarco အလူမီနီယံ ထုတ်လုပ်သည့် စက်ရုံတာဝန်ခံ ဦးဝင်းဆန်းဦးအား မှော်ဘီမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း-ကိုကြီးတင် ဓာတ်ပုံ-ဝင်းသံသာ