မော်ရိုကိုနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များလာတဲ့အတွက် ယာယီဆေးရုံဆောက်လုပ်ပြီး ကုသမှုပေးနေရ

၂၁ ဇွန်

မော်ရိုကိုနိုင်ငံ အရှေ့ပိုင်းမှာ ယာယီဆေးရုံတစ်ရုံဆောက်လုပ်ပြီး လူနာတွေကို လက်ခံကုသပေးရာ  ဒီနေ့ (တနင်္ဂနွေနေ့) မှာတော့ လူနာ ၇၀၀ နီးပါးလက်ခံပြီး ကုသပေးနေကြောင်း အစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

နိုင်ငံရဲ့ အရှေ့ပိုင်းရှိ ကန်နစ်ထရာ ပြည်နယ်မှာ ပြီးခဲ့တဲ့ သောကြာနေ့က ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၅၀၀ ကျော်ကို တွေ့ရှိရပြီးနောက် အဲဒီဒေသမှာရောက်ရှိနေသူတွေကို ထွက်ခွာခွင့်မရအောင် တင်းတင်းကျပ်ကျပ် ပိတ်ထားလိုက်ပါတယ်။

 

ကန်နစ်ထရာပြည်နယ်မှာ အခုချိန်ဟာ စတော်ဘယ်ရီသီး ခူးချိန်ဖြစ်တဲ့အတွက် လူစည်ကားလေ့ ရှိပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ ရှိပြီးနောက် အဲဒီပြည်နယ်ဟာ ကန္တာရလို ခြောက်သွေ့နေကြောင်း ဓါတ်ပုံသတင်းထောက်က ပြောပါတယ်။

 

အဲဒီပြည်နယ်အတွင်းရှိ မြို့ငယ်လေးတွေကို အသွားအလာကန့်သတ် ပိတ်ဆို့တားမြစ်မှု အမိန့်အောက်မှာ ထားရှိပြီး ဒေသခံတွေကို သိပ်အရေးကြီးမှသာ အိမ်အပြင်ထွက်ခွင့်ပေးထားကြောင်း သိရပါတယ်။

 

အသွားအလာကန့်သတ်ထားတဲ့ မြို့တစ်မြို့ဖြစ်တဲ့ မိုလေးဘိုဆဲဟမ်မှာ အရေးပေါ်ကား ၁၀ စီးကျော်က အသင့်အနေထားယူထားတာကို တွေ့ရပါတယ်။

 

လူဦးရေ ၃၄ သန်း နေထိုင်တဲ့ မော်ရိုကိုနိုင်ငံမှှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၉,၈၀၀ အထိ ရှိသွားပြီး သေဆုံးသူ ၂၁၃ ဦး ရှိကြောင်း သိရပါတယ်။

 

မတ်လလယ်ကစပြီး ပြဌာန်းထားတဲ့ အသွားအလာကန့်သတ်မှုကို ဇွန်လ ၉ ရက်နေ့မှာ အသွားအလာ ကန့်သတ်မှုကို တဖြေးဖြေး ဖြေလျော့ခဲ့ပေမယ့် ဗိုင်းရပ်စ်ပိုးတွေ့ရှိလူနာ များလာတဲ့အတွက် အဓိကမြို့ကြီးတွေမှာ ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေကို ဇူလိုင် ၁၀ ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။

 

လူမြင်ကွင်းကို သွားရောက်သူတိုင်း မျက်နှာဖုံးဝတ်ရမှာဖြစ်သလို လူအများစုဝေးခွင့်ကိုတော့ ဆက်လက်တားမြစ်ထားပါတယ်။ ရုပ်ရှင်ရုံတွေ၊ ဗလီတွေနဲ့ ကဇတ်ရုံတွေ ကို ပိတ်ထားကြောင်း သိရပါတယ်။ စားသောက်ဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေက ဖွင့်ပေမယ့် ပါဆယ်သာ ရောင်းခွင့် ပေးထားပါတယ်။

 

မော်ရိုကိုနိုင်ငံရဲ့ နယ်စပ်ဂိတ်တွေကို နောက်ထပ် အမိန့်ကြေညာချက် မထုတ်ပြန်မချင်း ပိတ်ထားမယ်လို့ ဆိုပါတယ်။

MDN

ကိုးကား - AFP