မောတောင်မြို့ ၂၇ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးကြည်လှိုင်၊ တနင်္သာရီမြို့နယ် တိုင်းဒေသကြီး အမှတ်(၂) ကိုယ်စားလှယ် ဦးရဲမြင့်ဆွေနှင့် တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြိတ်မြို့ခုတင်(၂၀ဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဆေးပညာအထူးကု ဆရာဝန်ကြီး ဒေါက်တာတင်ဝင်းနှင့် အဖွဲ့လိုက်ပါလျက် ဇန်နဝါရီ ၂၆ ရက် နံနက် ၁၁ နာရီက မောတောင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ၊ ကျောင်းခန်းမအတွင်း ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် အခမဲ့စမ်းသပ်ဆေးကုသမှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က လာရောက်ရခြင်း ရည်ရွယ်ချက်များနှင့် အခမဲ့ကျန်းမာရေး ဆေးကုသပေးမည့် အစီအစဉ်များကို အဖွင့်အမှာစကားပြောကြားပြီး ဆရာဝန်ကြီး ဒေါက်တာတင်ဝင်းက မကူးစက်တတ်သောရောဂါများ အကြောင်းအား ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဆေးပညာအထူးကု ပါရဂူဆရာဝန်ကြီး (၆)ဦးအဖွဲ့သည် ဒေသခံပြည်သူ (၂၁၉)ဦးအား မျက်စိရောဂါ၊ အထွေထွေရောဂါ၊ ခွဲစိတ်ရောဂါ၊ ကလေးနှင့် သားဖွားမီးယပ်ရောဂါ၊ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးနှင့် ရောဂါဗေဒဓါတ်ခွဲခြင်း၊ သွေးစစ်ဆေးခြင်း စသည့်ရောဂါများကို အခမဲ့ကွင်းဆင်းကုသ စမ်းသပ်ပေးခဲ့ကြောင်း သိရှိရသည်။
သတင်းပေးပို့သူ- နန်းသာရီ- ထိန်ဝင်း(ပြန်/ဆက်)