မြို့သစ် ၁၁ မေ

 

မကွေးခရိုင် မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာအုပ်စု သန်းကုန်းကျေးရွာအနီး နေပြည်တော် ကံပြားလမ်းတွင် မေ ၁၀ ရက်နေ့ည ၉ နာရီက ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မေ ၁၀ ရက်နေ့ည ၈ နာရီခွဲ နာရီအချိန်ခန့်က နေပြည်တော် ကံပြားကားလမ်းအတိုင်း နေပြည်တော်ဘက်မှ ကံပြားဘက်သို့ မြို့သစ်မြို့နယ် သန်းကုန်းကျေးရွာနေ ဦးချစ်ကြိုင် မောင်းနှင်ပြီး နောက်တွင် တစ်ရွာတည်းနေ ဦးမြင့်ဝင်း လိုက်ပါလာသော ဆိုင်ကယ်အား မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၄၄/၄)နှင့် (၄၄/၅)အကြား သန်းကုန်းကျေးရွာအနီးအရောက်တွင် ရှေ့မျက်နှာချင်းဆိုင်ကံပြားဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ မော်တော်ယာဉ်၏ နောက်ပိုင်းဖြင့် ဝင်ရောက်ပွတ်တိုက်ခဲ့သဖြင့် ဆိုင်ကယ်မှာ လမ်းဘေးမြေသားပေါ်သို့ လဲကျတိမ်းမှောက်ပြီး ဦးချစ်ကြိုင်နှင့် ဦးမြင့်ဝင်းတို့တွင် (စိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့သော်လည်း အခင်းဖြစ်မော်တော်ယာဉ်မှာနေရာမှ မောင်းနှင်ထွက်ပြေးသွားသဖြင့် ဒဏ်ရာရရှိသူများအား ရဲဆေးစာဖြင့်မြို့သစ်ဆေးရုံသို့ ဆေးကုသရန် ပို့အပ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ မော်တော်ယာဉ်အား မဆင်မခြင်အရှိန်ပြင်းစွာဖြင့် မောင်းနှင်လာစဉ် ရှေ့မျက်နှာချင်းဆိုင်မှ ယာဉ်ကြောမှန်မောင်းနှင်လာသော ဆိုင်ကယ်အား မော်တော်ယာဉ်နောက်ပိုင်းနှင့် တိုက်မိဒဏ်ရာရရှိစေပြီး ထွက်ပြေးသွားသူ အမည်မသိယာဉ်မောင်းအား မြို့သစ်မြို့မရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

သန်းဝင်းထွန်း ( မြို့သစ် )