ရန်ကုန် ၁၆ ဇန်နဝါရီ
မော်တော်ယာဉ်ကြီးကြပ်ခနှင့် မြေငှားရမ်းခများအတွက် ဝင်ငွေရရှိမှုအပေါ် ဝင်ငွေခွန်ပေးဆောင်ရန် လိုအပ်ပါက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှ ပေးဆောင်ရန်အသင့်ရှိကြောင်း အဆိုပါအဖွဲ့မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
ဇန်နဝါရီ ၁၆ ရက်က Sky Star ဟိုတယ်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) သုံးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ အပိုင်းကတော့ ကျွန်တော်တို့ လုပ်နေတာသည် YRTA အနေနဲ့ နှစ်ပိုင်းတွေ့ပါလိမ့်မယ်၊ စီမံခန့်ခွဲမှုစရိတ် ကောက်ခံပြီး ကျွန်တော်တို့က ကျွန်တော်တို့ ရပ်တည်ရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်၊ ဒါကြောင့် ဒီအဖွဲ့အစည်းကို ဘယ်လိုယူဆမလဲဆိုတာ ကျွန်တော်တို့ ပြန်မေးပါ့မယ်၊ ဘာကြောင့်လည်း ဒီဝင်ငွေခွန်ဆောင်ဖို့ ကျွန်တော်တို့ ဝန်မလေးပါဘူး၊ ကျွန်တော်တို့ ဒီငွေသည် ကျွန်တော်တို့ သုံးဖို့မဟုတ်ပါဘူး၊ နိုင်ငံတော်အတွက်နဲ့ ပြည်သူအတွက်ပဲ ဖြစ်တဲ့အတွက် အခွန်ဆောင်ဆိုလည်း အမြဲတမ်းဆောင်ဖို့ အသင့်ပါ၊ ကျွန်တော်တို့မှာ လုပ်ငန်းတွေရှိပါတယ်၊ ဒါ ယခင်တုန်းက မထသ ကနေ လွှဲပြောင်းခဲ့တဲ့ ဆိုင်ခန်းငှားရမ်းတာတွေ အဆောက်အအဦး ငှားရမ်းတာတွေ ရှိပါတယ်၊ ဒါတွေပေါ်မှာ အခွန်ပေးဆောင်ရမယ်ဆိုလည်း ကျွန်တော်တို့ မထသ ခေတ်ကလည်း ဒါတွေကို အခွန်ပေးဆောင်ခဲ့တဲ့ သာဓကရှိပါတယ်၊ ဒါကြောင့် ဒါကို အထက်ကျွန်တော်တို့ထက်ကြီးတဲ့ အဖွဲ့အစည်းတွေက သုံးသပ်ပါလိမ့်မယ်၊ လွှတ်တော်မှာလည်း ရှင်းထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့က ပေးဆောင်ရန် လိုအပ်ပါတယ်ဆိုလျှင် YRTA သည် အမြဲတမ်းပေးဆောင်ဖို့ အသင့်ပါပဲ"ဟု ဦးလှအောင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ငွေကြေးသုံးစွဲမှုအပေါ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အနေဖြင့် မော်တော်ယာဉ်ကြီးကြပ်ခနှင့် မြေငှားရမ်းခများမှ ဝင်ငွေရရှိပြီး အသုံးစရိတ်ထက် ကျပ်သန်း ၇,၆၀၀ ကျော် ဝင်ငွေရရှိထားသော်လည်း ဝင်ငွေခွန်ပေးဆောင်ထားခြင်းမရှိဟု ဖော်ပြထားသည်။
လက်ရှိ YRTA ၏ ရရှိသောဝင်ငွေမှာ ကျပ်သန်းပေါင်း ၉၄၈၇ ဒသမ ၇၈၅ ဖြစ်ပြီး အသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၁၇၉၆ ဒသမ ၁၈၄ ရှိခြင်းကြောင့် ပိုလျှံငွေကြေးမှာ ကျပ်သန်း ၇၆၉၁ ဒသမ ၈၀၁ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အစီရင်ခံစာ၌ ဖော်ပြထားသည်။
ထို့ကြောင့် ဝင်ငွေခွန်ပေးဆောင်ရန် လို/မလို လက်ရှိတည်ဆဲဥပဒေအရ ဆုံးဖြတ်ပေးပိုင်ခွင့်ရှိသောသူများမှ ညွှန်ကြားလာပါက YRTA သည် လိုက်နာရန် အသင့်ရှိကြောင်း ဦးလှအောင်က ဆက်ပြောသည်။
အဆိုပါ YRTA တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က နာယကဖြစ်ပြီး တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဥက္ကဋ္ဌ တာဝန်ယူထားကာ အဖွဲ့၀င် ၁၆ ဦးဖြင့် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အမိန့်ကြေညာစာထုတ်ပြန်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။
ထို့နောက် ၂၀၁၉ ခုနှစ် ဧပြီလထဲတွင် YRTA ကို တိုးမြှင့်ဖွဲ့စည်းခဲ့ပြီး ဒုဥက္ကဌ-၁ အဖြစ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး၊ ဒုဥက္ကဌ-၂ အဖြစ် ရန်ကုန်မြို့တော်၀န်အပါအ၀င် ဥပဒေချုပ်နှင့် စာရင်းအင်းဌာနများ၊ လိုအပ်သည့် အခြားအဖွဲ့အစည်းများပါ ထည့်သွင်း၍ အဖွဲ့၀င် ၂၂ ဦးဖြင့် ပြန်လည်တိုးမြှင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ငြိမ်းငြိမ်း