ရန်ကုန် ၂၁ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ရှိ ပြည်သူများအနေဖြင့် ရန်ကုန်မြို့သို့ ဆက်သွယ်သွားလာရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် ပြည်တွင်းရေကြောင်းမှ မော်တော်ယာဉ်များကူးရန် ကူးတို့ဇက်ရေယာဉ်တစ်စီး ထပ်မံတိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
“ရန်ကုန် ဝါးတန်းဆိပ်ကမ်းကနေ ဒလဆိပ်ကမ်းကို ကူးတဲ့ ကားကူးဇက်ရေယာဉ်ကို အောက်တိုဘာ ၁ ရက် နေ့ကစပြီး ဇက်ရေယာဉ် ၂ စီးနဲ့တိုးချဲ့ပြေးဆွဲပေးဖို့ စီစဉ်ထားပါတယ်” ဟု ပြည်တွင်းရေကြောင်းပို့ဆောင် ရေး သယ်ယူပို့ဆောင်ရေးဌာန ဒုတိယအထွေထွေမန်နေဂျာ ဦးဝင်းကိုအောင်က ပြောကြားသည်။
ယခင်က ဇက်ရေယာဉ်တစ်စီးသာ အသုံးပြု၍ နံနက် ငါးနာရီခွဲမှ ညနေ ခြောက်နာရီအထိ နေ့စဉ် ၁၀ ခေါက် သာပြေးဆွဲပေးနိုင်ခဲ့သော်လည်း အောက်တိုဘာ ၁ ရက်နေ့မှစ၍ ဇက်ရေယာဉ်နှစ်စီးဖြင့် ခေါက်တုံခေါက်ပြန် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။ ဇက်ရေယာဉ်တစ်စီးလျှင် ၁၅ ခေါက်စီဖြင့် ညနေ ၆ နာရီခွဲအထိ ပြေးဆွဲမည်ဖြစ်ပြီး ကားများ ကူးတို့သုံးစွဲမှုပေါ်မူတည်၍ လိုအပ်ပါက ခေါက်ရေ ၂၀ အထိ တိုးချဲ့ပြေးဆွဲပေး မည်ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်ဝါးတန်းက တစ်ကယ်တော့မြို့လယ်ပါပဲ။ မြို့လယ်ခေါင်ကနေ တွံတေးကိုသွားဖို့ ဘုရင့်နောင် လှိုင် သာယာတံတားကနေသွားမယ်ဆိုရင် ၃ နာရီလောက်ကြာတယ်။ ယာဉ်ကျောပိတ်ဆို့မှုကြောင့်လေ။ ဝါးတန်း ဒလကနေ ကူးမယ်ဆိုရင် တစ်နာရီအတွင်း ရောက်ပါတယ်” ဟု ဦးဝင်းကိုအောင်က ဆက်လက်ပြောကြားသည်။
ပြည်တွင်းရေကြောင်း၏ ဌာနဝင်ငွေနှင့် အသုံးစရိတ်မျှတရန်အတွက် မော်တော်ယာဉ်တစ်စီးလျှင် ၂၀၀၀ ကျပ် ကောက်ခံခဲ့ရာမှ အောက်တိုဘာ ၁ ရက်နေ့တွင် ၂၅၀၀ ကျပ်ဖြင့် မော်တော်ယာဉ်အဆင့်အတန်း အလိုက် ၅၀၀ ကျပ် တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး လူ၊ စက်ဘီး၊ဆိုင်ကယ်စသော အခြားနှုန်းထားများအပေါ် တိုးမြှင့်ကောက်ခံမည် မဟုတ်ကြောင်း သိရသည်။
စက်မှုပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများနှင့်အတူ အရံစက်သုံးဆီများ အသင့်ထားရှိပြီးသော Ro Ro Ferry 2,3,4 တို့မှာ မော်တော်ယာဉ်များ မောင်းတက်မောင်းဆင်း အသုံးပြုနိုင်သည့်အတွက် အချိန်ကြန့်ကြာမှု လျော့နည်းသွားမည်ဖြစ်ပြီး နှစ်စီးသာအသုံးပြု၍ တစ်စီးမှာ အရန်အဖြစ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဇက်ရေယာဉ်တိုးချဲ့ပြေးဆွဲပေးမှုကြောင့် မြစ်ဝကျွန်းပေါ်ဒေသမြို့များဖြစ်သော ဒလ၊ တွံတေး၊ ဖျာပုံ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်းမြို့များသို့ အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်ပြီး ရန်ကုန်မြို့၏ ယာဉ် ကျောကြပ်တည်းမှုလည်း အထိုက်အလျှောက် ဖြေလျော့ပေးနိုင်မည်ဖြစ်သည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - အာကာစိုး