နေပြည်တော် မတ် ၁၂
မော်တော်ယာဉ်များအကြောင်း သိကောင်းစရာနှင့် အသေးစားပြုပြင်ခြင်းဆိုင်ရာ နည်းပညာဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် နည်းပညာဟောပြောမည့် ကျွမ်းကျင်ပညာရှင်များ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ မော်တော်ယာဉ်မောင်းများအပါအဝင် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိကိုယ်ပိုင်ယာဉ်၊ ဌာနပိုင်ယာဉ်များ၏ အသေးစားပြုပြင်မှုများကို မိမိတို့ကိုယ်တိုင် မှန်ကန်မြန်ဆန်စွာပြုပြင်နိုင်ခြင်းဖြင့် ယာဉ်ပျက်စီးမှုများ၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေများကို ခြိုးခြံ ချွေတာနိုင်မည်ဖြစ်ပါကြောင်း၊ ဤဟောပြောပွဲမှ မိမိတို့ဝန်ထမ်းတစ်ဦးချင်းစီ အသိပညာဗဟုသုတများ များစွာ ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံဘဏ္ဍာရန်ပုံငွေများဖြင့် ကျခံဆောင်ရွက်ထားသည့် မော်တော်ယာဉ်များဖြစ်သည့် အတွက် ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန်၊ အန္တရာယ်ကင်းစေရန်၊ မိမိတို့ကိုယ်တိုင် ယာဉ်နှင့် စက်ကိရိယာများ အကြောင်းသိရှိပြီး စနစ်တကျထိန်းသိမ်း တတ်စေရန်ရည်ရွယ်၍ ဟောပြောပွဲကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယာဉ်မောင်းများနှင့် ဝန်ထမ်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအပြင် မော်တော်ယာဉ်နှင့်ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်များအား သိရှိနားလည်သဘောပေါက်ကြမှသာ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်မည် ဖြစ်ပါကြောင်း၊ ယာဉ်မောင်းများအနေဖြင့် မိမိမော်တော်ယာဉ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်ရုံ သာမကယာဉ်နှင့်ပတ်သက်ပြီး ဖွဲ့စည်းတည်ဆောက်မှု၊ လည်ပတ်အသုံးပြုမှုစနစ်များကို သိရှိရန်လည်းလိုပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနက ကျွမ်းကျင်ပညာရှင်များခေါ်ယူပြီး နည်းပညာဟောပြောပွဲ ပြုလုပ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကျွမ်းကျင်ပညာရှင်များက မော်တော်ယာဉ်ဆိုင်ရာအခြေခံဖွဲ့စည်းပုံ၊ တာယာအကြောင်း သိကောင်း စရာများ၊ အင်ဂျင်အခြေခံသဘောတရာများနှင့် တည်ဆောက်ပုံ၊ ချောဆီ၊ အင်ဂျင်ဝိုင်စစ်ဆေးလဲလှယ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း နည်းလမ်းများ၊ မော်တော်ယာဉ် စနှိုးစနစ်နှင့် မော်တော်ယာဉ် အခြေခံလျှပ်စစ် ထိန်းချုပ်မှုစနစ်များ စသည်တို့နှင့်စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများကို ဆွေးနွေးပြောကြားပြီး တက်ရောက် လာသည့် အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)