နေပြည်တော် ၂၁ ဇွန်
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ (၂/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ် ရေးကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ် ရေးကော်မတီအနေဖြင့် ၂၀၁၉ ခုနှစ်၊ မေလအထိ မော်တော်ယာဉ်အရောင်းစင်တာ ၁၂၀ နှင့် အရောင်းပြခန်း ၄၄ ခုတို့အား ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်းတွင် Automobile တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းစဉ်ကိုလည်း အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအထိ မော်တော်ယာဉ် တင်သွင်းထုတ်လုပ်သည့် ကုမ္ပဏီ (၈) ခုအား ထုတ်လုပ်ရန်အတွက် တင်သွင်းခွင့်ပြုခဲ့ပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ သတ်မှတ်ချက်များနှင့်အညီ တင်သွင်းထုတ်လုပ်မှုမှတစ်ဆင့် နိုင်ငံအတွင်း နည်းပညာအခွင့်အလမ်းများကို ရရှိနိုင်သဖြင့် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်အညီ တွေ့ကြုံရသည့် အခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခြင်းဖြင့် အခက်အခဲများအား ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဝင်များက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည်များအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)