မကွေး ၁၈ ဇွန်
မြန်မာနိုင်ငံတွင်လည်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၆ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေသစ်အား မကွေးတိုင်းအတွင်းပြည်သူများ သိရှိ လိုက်နာနိုင်ရန် အသိပညာပေးမှုများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးထံမှ သိရသည်။
ဥပဒေသစ်၏ ပုဒ်မ ၇၆(ခ)၌ မော်တော်ဆိုင်ကယ်ကို မောင်းနှင်စီးနင်းရာတွင် ရှေ့မီးအနိမ့်ကို နေ့၊ ညအချိန် တိုင်းတွင်ဖွင့်၍မောင်းနှင်ရန် ပျက်ကွက်ခြင်းမရှိစေရဟု ဖော်ပြထားရှိပြီး မလိုက်နာလျင် (၃)သောင်းကျပ်ထက် မပိုသော ဒဏ်ငွေချမှတ်ရန် ပြဌာန်းထားသည့်အတွက် ဆိုင်ကယ်မောင်းနှင် သူများ သိရှိလိုက်နာရန် လိုအပ်နေပြီဖြစ်သည်။
“ သက်ဆိုင်ရာ ဥပဒေအရာရှိ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး အဖွဲ့ဝင်များ နဲ့ပူးပေါင်းပြီး ပြည်သူများကို အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သတင်းမီဒီယာများမှ ပညာပေးခြင်း စတဲ့လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သွားရန် စီမံဆောင်ရွက်ထားရှိပါတယ် ” ဟု လုံခြုံရေး နှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး က ပြောသည်။
မကွေးတိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ်၌ ယာဉ်မတော်တဆမှု(၁၄၆၇)ကြိမ် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ (၂၆၀ဝ) ကျော် ၊ သေဆုံးသူ(၄၀ဝ)ကျော်ရှိခဲ့ကြောင်း ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှမေလကုန်အထိ ယာဉ်မတော်တဆမှု(၄၆၀)ကြိမ် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၈၀ဝ)ကျော် ၊ သေဆုံးသူ(၁၃၀)ရှိကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။
ဇေယျတု(မကွေး)


