နေပြည်တာ် စက်တင်ဘာ ၂၆
မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ အဋ္ဌမအကြိမ်အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက အမှာစကားပြောကြားပြီး မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ အတွင်းရေးမှူးက နည်းပညာအကြံပေးအဖွဲ့၏ လုပ်ငန်းအကောင်အထည်ဖော်မှုနှင့် အစည်းအဝေးဆုံးဖြတ်ချက်ကို လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ကိုယ်စားလှယ်က မြေပုံစနစ်ရေးဆွဲ အကောင်အထည်ဖော်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများမှ ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
သတင်းစဉ်


