ဦးရွှေဦး
(ယမန်နေ့မှအဆက်)
အလှူငွေနှင့် ပစ္စည်းများ
မုန်တိုင်းဝင်ရောက်ပြီး ရက်ပိုင်းအတွင်းမှစ၍ လေဘေးသင့် ညီအစ်ကိုမောင်နှမသွေးချင်းများအား ပြည်ထောင်စု တစ်ဝန်းရှိ စေတနာရှင် ပြည်သူများက မိမိတို့၏ကိုယ်ပိုင် အသိစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ဖြင့် အုန်းအုန်းကျွက်ကျွက် သဒ္ဓါတရားရှိရှိ ဝိုင်းဝန်းကူညီစောင့်ရှောက်ခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ စသည့်နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း နာဂစ်လေဘေးသင့်ပြည်သူများအတွက် ငွေကြေးနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ပေးပို့ထောက်ပံ့ခဲ့ကြသည်။
အလှူငွေများ လက်ခံရရှိမှုအနေဖြင့် မြန်မာကျပ်ငွေ ၈၂၀၄၇ ဒသမ ၇၈ သိန်း၊ အမေရိကန်ဒေါ်လာ ၆၁၉၃၂၉၇ ဒသမ ၅၊ ယူရို ၁၉၁၉၂၁၇၊ စင်ကာပူ ဒေါ်လာ ၂၆၆၆၆၁ ဒသမ ၇၅၊ ဘတ် ၅၆၆၀၇၇၅ တို့ ဖြစ်သည်။
ပစ္စည်းများ လက်ခံရရှိမှုအနေဖြင့် ပြည်တွင်းမှ စားသောက်ကုန် ၁၆၉၉ ဒသမ ၃၂ တန်၊ ကုန်မာ ၁၀၈၅ ဒသမ ၉၅ တန်၊ လူသုံးကုန် ၁၃၅၄ ဒသမ ၃၂ တန်၊ ဆေးဝါး ၂၃ ဒသမ ၉၁ တန်၊ ပြည်ပမှ စားသောက်ကုန် ၁၄၄၅ ဒသမ ၂၇ တန်၊ ကုန်မာ ၉၈၇ ဒသမ ၂၉ တန်၊ လူသုံးကုန် ၁၁၂၁ ဒသမ ၅၃ တန်၊ ဆေးဝါး ၃၄၉ ဒသမ ၁၂ တန် စုစုပေါင်း စားသောက်ကုန် ၃၁၄၄ ဒသမ ၅၉ တန်၊ ကုန်မာ ၂၀၇၃ ဒသမ ၂၄ တန်၊ လူသုံးကုန် ၂၄၇၈ ဒသမ ၈၅ တန်၊ ဆေးဝါး ၃၇၃ ဒသမ ၀၃ တန်တို့ဖြစ်သည်။ ၁၆-၇-၂၀၀၈ ရက်နေ့အထိ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ စင်းလုံးငှားလေယာဉ် ၅၅၅ စင်း၊ ခရီးသည်လေယာဉ် ၂၀၂ ခေါက်ဖြင့် ပြည်ပမှ ကယ်ဆယ်ရေးပစ္စည်း ၁၀၇၁၉ ဒသမ ၁၈ တန် ရောက်ရှိခဲ့ကြောင်း တွေ့ရှိရသည်။ ကယ်ဆယ်ရေး ပစ္စည်းအများစုမှာ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများထံ ဦးတည်ပေးပို့လျက်ရှိသည်။ လေဘေးသင့်ပြည်သူများအတွက် ဆန်ထောက်ပံ့မှု အနေဖြင့် နိုင်ငံတော်အရန်ဆန်မှ ၁၂၃၆၈၆ အိတ်၊ ကုမ္ပဏီလုပ်ငန်းများနှင့် ရဟန်းရှင်လူပြည်သူများက ၂၃၃၁၆၈၇ အိတ်၊ World Food Programme က ၆၆၈၂၄ အိတ် အသီးသီးထောက်ပံ့ခဲ့သည်။ စုစုပေါင်းအားဖြင့် လေဘေးသင့် ပြည်သူများအတွက် ဆန်တန်ချိန် ၂၁၁၈၃ တန်၊ ဆန်အိတ်ပေါင်း ၄၂၃၆၇၇ အိတ် ထောက်ပံ့နိုင်ခဲ့ပြီး ဖြစ်သည်။
အလှူငွေများကို အဖွဲ့များဖွဲ့၍ လက်ခံခြင်း၊ ဗဟိုကော်မတီကကြီးကြပ်ခြင်း၊ မြို့နယ်တာဝန်ခံ ဝန်ကြီးများက တာဝန်ယူဖြန့်ခွဲပေးခြင်းတို့ကြောင့် အများပြည်သူ လှူဒါန်းငွေများနှင့် နိုင်ငံတော်မှပံ့ပိုး ပေးသည့် ရန်ပုံငွေများအား အဟောသိကံမဖြစ်စေဘဲ မုန်တိုင်းဒဏ်ခံရသည့် ပြည်သူများလက်ဝယ်သို့ စနစ်တကျ ပေးအပ်နိုင်ခဲ့ခြင်းသည်လည်း မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော် အင်အားစု (၃)ရပ်၏ ပေါင်းစည်းညီညွတ်သည့် စွမ်းအားဖြင့် လုပ်ကိုင်ဆောင်ရွက်သွားမှသာ အောင်မြင်မည်ဆိုသည့် နိုင်ငံတော်၏ မူဝါဒနှင့်အညီ ဆောင်ရွက်နေသည့်အတွက် အောင်မြင်ဖြစ်ထွန်းမှုများ ရရှိနေခြင်းဖြစ်ကြောင်း၊ ဤအင်အားစု(၃) ရပ်၏ ညီညွတ်သည့်စွမ်းအားဖြင့် အခက်အခဲ အကျပ်အတည်းမှန်သမျှကို ရင်ဆိုင်ကျော်လွှားခဲ့ခြင်း ဖြစ်ကြောင်း၊ နောင်၌လည်း ဤမူဝါဒခံယူချက်ဖြင့်ပင် မိမိတို့နိုင်ငံကို ဆက်လက်တည်ဆောက်သွားရ မည်ဖြစ်ကြောင်း၊ ထို့ပြင် လေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အောက်ပါလုပ်ငန်း အစီအစဉ် (၃) ဆင့်ဖြင့် ဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရှင်းလင်းမှာကြားခဲ့သည်။
ပထမအဆင့်။ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်း များဖြစ်သည့် လတ်တလော စားဝတ်နေရေး၊ ဆေးဝါးကုသ စောင့်ရှောက်ရေး၊ အမိုးအကာ အောက်ရောက်ရှိရေး။
ဒုတိယအဆင့်။ ပြန်လည် နေရာချထားရေးနှင့် မြို့ပြ၊ ကျေးရွာများ ပြန်လည်ထူထောင်ရေး၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ပြုစု ထူထောင်ရေး၊ လမ်းပန်းဆက်သွယ်မှု လမ်းကြောင်းများ ပြန်လည်ကောင်းမွန်ရေး။
တတိယအဆင့်။ နောင်ကာလများ၌ သဘာဝဘေးဒဏ်မှ ကာကွယ်နိုင်ရေးအတွက် အရံအတား အရေးပေါ်ခိုလှုံရာ နေရာများ တည်ဆောက်ရေး၊ ပင်လယ်ကမ်းစပ် ဒေသများ၌ လေတား၊ ရေတားအုန်းပင်များ၊ ကွမ်းသီးပင်များ စိုက်ပျိုးခြင်း၊ ဒီရေတောများ ပြန်လည်ထူထောင် ခြင်း၊ ရေဘေးရှောင်တိမ်း ကင်းလွတ်နိုင်မည့် ရေလွတ်အသက်ကယ် ကုန်းမြင့်များ တည်ဆောက်ခြင်း၊ ပင်လယ်နှင့် နီးစပ်သော ဒေသများအတွင်း လမ်းသစ် ဖောက်လုပ်ရာ၌ လမ်းတာများကို မြှင့်တင်ခြင်း၊၊
မြေအုတ်တို့ပြိုရာ၌ မိမိတို့က ကျောက်အုတ်တို့ဖြင့် တည်ဆောက်သွားပြီး အခြေအနေအသစ် ဘဝသစ်ကို ဖန်တီးဖော်ဆောင် ပေးသွားရမှာဖြစ်ကြောင်း ပြန်လည်ထူထောင်ရေးနှင့် စပ်လျဉ်းသည့် မျှော်မှန်းချက်များကိုလည်း ရှင်းလင်းလမ်းညွှန်ခဲ့သည်။
လမ်းများ ဖောက်လုပ်ပြုပြင်ရာ၌ လမ်းဖြစ်၊ မြောင်းဖြစ်၊ မြေယူကန်ဖြစ် စနစ်ကိုကျင့်သုံးပြီး အရေးကြုံက ခိုလှုံနိုင်သည့် ရေလွတ်အသက်ကယ် လမ်းတာပေါင်များဖြစ်အောင် တာပေါင်များကို မြှင့်တင် လုပ်ကိုင်စေခဲ့သည်။ ထို့ပြင် မုန်တိုင်းဒဏ် ပြင်းစွာခံခဲ့ရသည့် အလယ်ပိုင်းဒေသနှင့် ဆက်စပ်နေ သော ဒေသများအကြား ဆက်သွယ်ရေးလမ်းသစ် များ တိုးချဲ့ဖောက်လုပ်ရန်နှင့် ရှိပြီး လမ်းဟောင်းများ ကိုလည်း အဆင့်မြှင့်တင်သွားရန် တာဝန်ပေးခဲ့ သည်-
- မအူပင်- ရေလဲလေး- ရွှေတောင်မှော်-ကျိုက်ပိ-မော်လမြိုင်ကျွန်းလမ်း ၄၄ မိုင်
- မော်လမြိုင်ကျွန်း- လှိုင်းဘုန်း- သစ်ပုတ်-ကွင်းပေါက်- ပြင်စလူလမ်း ၅၂ မိုင်
- လပွတ္တာ- သင်္ဃန်းကြီး- ပြင်စလူလမ်း ၃၅ မိုင်
- ဘိုကလေး- ကြိမ်ချောင်း- ကဒုံကနိလမ်း ၃၉ မိုင်
- လပွတ္တာ- သုံးခွ- အုတ်တွင်း- ထိပ်စွန်းလမ်း ၃၇ မိုင် တို့ဖြစ်သည်။
လမ်းများ ဖောက်လုပ်ပြုပြင်ရာ၌ လမ်းဖြစ်၊ မြောင်းဖြစ်၊ မြေယူကန်ဖြစ်စနစ်ကို ကျင့်သုံးပြီး အရေးကြုံက ခိုလှုံနိုင်သည့် ရေလွတ်အသက်ကယ် လမ်းတာပေါင်များဖြစ်အောင် တာပေါင်များကို မြှင့်တင်လုပ်ကိုင်ရန် လမ်းဘေးဝဲယာတစ်လျှောက် သက်စောင့်သက်ကယ် အမှီအတွယ် သစ်ပင်များကို စိုက်ပျိုးရန်ထပ်မံမှာကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်အကြီးအကဲသည် ဧရာဝတီတိုင်း တောင်ပိုင်းဒေသအတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပြည့်ပြည့်စုံစုံ ဆောင်ရွက်နိုင်ရန်အတွက် ဖျာပုံခရိုင်ဆေးရုံကို ခုတင် (၂၀၀၀) ဆံ့ ဆေးရုံကြီးအဖြစ်လည်းကောင်း၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းနှင့် လပွတ္တာမြို့ နယ်ဆေးရုံများကို ခုတင် (၁၀၀၀) ဆံ့ ဆေးရုံများ အဖြစ်လည်းကောင်း အဆင့်တိုးမြှင့်ပေးရန်စီစဉ် ခဲ့သည်။ ကယ်ဆယ်ရေးစခန်းများရှိ လေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံရာ၌ နွေးထွေးစွာ မေးမြန်း နှုတ်ဆက် နှစ်သိမ့်အားပေးခဲ့သည်။
ယခုအခါ လေဘေးသင့်ဒေသများ အပါအဝင် ဧရာဝတီတိုင်းဒေသကြီးသည် မော်တော်ကားလမ်း၊ ရေကြောင်းလမ်း လမ်းနှစ်သွယ်ဖြင့် လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်ပြီး စိုက်ပျိုးရေး ဒေသထွက်ကုန် ပစ္စည်းများ ကူးသန်းရောင်းဝယ်မှု လွယ်ကူမြန်ဆန်လာသောကြောင့် ဒေသတည်ငြိမ် ဖွံ့ဖြိုးကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်သည်။
သုံးသပ်ချက်
၂၀၀၈ ခုနှစ် မေ ၂၊ ၃ ရက်များတွင် မြန်မာနိုင်ငံ ကမ်းရိုးတန်းရှိ ဧရာဝတီတိုင်းမှအစပြုပြီး ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကို ဖြတ်သန်းတိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ၏သမိုင်းတွင် အပျက်အစီး၊ အသေအပျောက်အများဆုံးသော မုန်တိုင်းအဖြစ်သာမက မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော သဘာဝဘေးများတွင် သမိုင်းတွင်စေခဲ့သော သဘာဝဘေး တစ်ခုဖြစ်ခဲ့သည်။ နာဂစ်မုန်တိုင်း၏ အပျက်အစီး အဆုံးအရှုံး ကြီးမားမှုကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် ပူဆွေး သောကရောက်ခဲ့ကြရသည်။ သို့ရာတွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများမှ ရရှိလာခဲ့သော သင်ခန်းစာများမှာမူ အဖိုးမဖြတ်နိုင်သော အတွေ့အကြုံကောင်း များ ဖြစ်လာစေခဲ့သည်။
ပထမဆုံးရရှိခဲ့သော သင်ခန်းစာမှာ သဘာဝဘေး တစ်ခုသည် ဤမျှလောက်သော အတိုင်းအတာထိ အဖျက်စွမ်းပကားရှိနိုင်သည်ကို လက်တွေ့ကြုံတွေ့ ရခြင်းဖြစ်သည်။ တစ်ဖန် ပျက်စီးဆုံးရှုံးကြီးမားရ ခြင်း၏ အကြောင်းတရားကို ဆန်းစစ်လိုက်သောအခါ ကြိုတင်ပြင်ဆင်မှုအပိုင်းတွင် အားနည်းခဲ့သည့် အတွက်ဖြစ်ရကြောင်း တွေ့ရှိရမည်ဖြစ်သည်။ ထိုသို့ပြင်ဆင်မှုအပိုင်း၌ အားနည်းရခြင်းမှာ အဓိက အကြောင်းရင်း နှစ်ရပ်ရှိသည်။ ယင်းတို့မှာ ကြိုတင်သတိပေးချက်အပေါ် မယုံကြည်ခြင်းနှင့် အမှန်တကယ် အရေးယူဆောင်ရွက်ရမည့်အချိန်တွင်လည်း မည်သို့ဆောင်ရွက်ရမည်ကို မသိရှိကြ ခြင်းဖြစ်သည်။
အထူးအရေးကြီးသော အချက်များမှာ နာဂစ် မုန်တိုင်းကြောင့်ဖြစ်ပေါ်ခဲ့ရသော ပျက်စီးဆုံးရှုံးမှု အတိုင်းအတာသည် အဘယ်ကြောင့်ဖြစ်ရသည်ကိုစိစစ်ကြည့်ပါက သဘာဝဘေးနှင့် ပတ်သက်သော အရေးပါသောအချက်များကို တွေ့မြင်နိုင်သည်။ အဆိုပါအချက်မှာ ဘေးအန္တရာယ် ကျရောက်နိုင်မှု အခြေအနေ (Vulnerable) ဆိုသောအချက်ပင်ဖြစ်သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသည် မြေနိမ့်ဒေသဖြစ်ခြင်း၊ လူဦးရေထူထပ်သိပ်သည်း ခြင်း၊ သက်ကယ်ကုန်းမြေမြင့်နှင့် မုန်တိုင်းခို အဆောက်အအုံမရှိခြင်း၊ ယခင်ကကြုံတွေ့ခဲ့ဖူးသော အတွေ့အကြုံနှင့် သဘာဝဘေး အသိမရှိခြင်း၊ အလွယ်တကူရွှေ့ပြောင်းနိုင်သော လမ်းကြောင်း များမရှိခြင်း၊ မြစ်ဝကျွန်းပေါ်ဒေသ၏ ရှုပ်ထွေးသော အောက်ခံမြေပြင်၊ ဒီရေနှင့် လေပြင်းခြင်းကြောင့် ဖြစ်လာသောရေလှိုင်းတို့ကြောင့် ရှုပ်ထွေးသော အပြန်အလှန် သက်ရောက်မှုရှိနေခြင်းနှင့် ဒီရေတော များ၊ လမုတောများပြုန်းတီးခြင်း စသည့်အချက် များကို တွေ့ရမည်ဖြစ်သည်။
မုန်တိုင်းများသည် သဘာဝအားဖြင့် ပုံမှန် ဖြစ်ပေါ်နေမည်သာဖြစ်ပေသည်။ ယင်းတို့ကို တားဆီးရန်လည်းကောင်း၊ ဖျက်ဆီးရန်လည်းကောင်း ပြုလုပ်၍မရနိုင်ပါ။ အရေးကြီးဆုံးမှာ ထိရောက်သော စီမံခန့်ခွဲမှုကောင်းများဖြင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အဆိုပါ သဘာဝဘေးများနှင့် မည်သို့အဆင်ပြေ အောင်နေကြရမည်ကိုသာ ကြိုးပမ်းဆောင်ရွက်ရ မည်သာဖြစ်သည်။ နာဂစ်မုန်တိုင်းပြီးနောက် မြန်မာပြည်ရှိပြည်သူများအားလုံး (အထူးသဖြင့် မုန်တိုင်းသင့်ဒေသမှပြည်သူများ)သည် သဘာဝဘေး အန္တရာယ်အသိပညာဗဟုသုတများ ထိုက်သင့်စွာ ရရှိခဲ့ပြီး နိုးကြားမှု၊ သတိရှိမှု ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လာကြပြီဖြစ်သည်။ သရုပ်ပြလေ့ကျင့်မှု များ ထိထိရောက်ရောက် ဆောင်ရွက်သွားရန် လိုအပ်သည်။
လူထုပူးပေါင်းပါဝင်သော ဘေးဒုက္ခကြိုတင် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများအနေဖြင့် ဘေးဒုက္ခကြိုတင် ကာကွယ်ရေးအတွက် လူထု၏ အသိအမြင်ဗဟုသုတသည် လွန်စွာအရေးပါသည်ကို တွေ့ရှိရသည်။ ဘေးသင့်ရာဒေသသည် မြေနိမ့်မြစ်ဝှမ်းဒေသဖြစ်လျှင် ဘေးကင်းရာသို့ ရှောင်တိမ်းရန်လိုသည်။ လူနေထူထပ်သိပ်သည်း ခြင်း၊ ရေဝင်ပေါက်များပြားခြင်းတို့ကြောင့် မုန်တိုင်း နှင့် မုန်တိုင်းဒီရေတို့ကို အတားအဆီးမရှိ တွေ့ကြုံခံစားရမည်ဆိုလျှင် ဘေးလွတ်ရာဒေသသို့ ထွက်ခွာ ရှောင်တိမ်းရန်လိုသည်။ ထိုသို့ ရှောင်တိမ်းရန် သတင်းအချက်အလက် တိကျမှု၊ လူထုအကြား ပျံ့နှံ့အောင်နှိုးဆော်မှု၊ ဘေးဒုက္ခစီမံခန့်ခွဲရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကောင်းစွာလေ့ကျင့်ထားသော ဘေးဒုက္ခဆိုင်ရာစီမံခန့်ခွဲရေး၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။ လူအမြောက် အမြားရွေးထုတ်ရန်ကိစ္စသည် အလွန်ခက်ခဲ ရှုပ်ထွေးသည်။ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း သယ်ယူ ပို့ဆောင်ရေးယာဉ်များ လုံလောက်မှု၊ ပြည်သူ လူထုလိုက်ပါဆောင်ရွက်မှု၊ အနီးကပ်စီမံခန့်ခွဲသည့် ဘေးဒုက္ခဆိုင်ရာ စီမံခန့်ခွဲရေးဝန်ထမ်း များ၏ အရည်အချင်းပြည့်ဝမှုတို့အပေါ် မူတည်သည်။
ပြည်သူလူထုက မိမိနေထိုင်ရာဒေသသည် ဘေးအန္တရာယ်ကျရောက်သော ဒေသဖြစ်ကြောင်း ကောင်းစွာသ ဘောပေါက်ရန် ရှင်းရှင်းလင်းလင်း ပညာပေးဟောပြောရန် လိုအပ်သည်။ အထူးသဖြင့် ယင်းဒေသများရှိ စာသင်ကျောင်းများမှတစ်ဆင့် ကျောင်းသားလူငယ်များကို ကောင်းစွာ အသိပညာပေး ဟောပြောသွန်သင်ထားသင့်သည်။ ဒေသတွင်း ဘေးဒုက္ခအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများကို ဒေသတွင်းရှိ လူ၊ ပစ္စည်းအရင်း အမြစ်များဖြင့် မည်ကဲ့သို့ဆောင်ရွက်ရမည်ကို စီမံ ထားရှိသင့်သည်။ ဒေသတွင်းခိုလှုံရာ သဘာဝ ကုန်းမြင့်များ၊ လူလုပ်ကုန်းမြင့်များ၊ မုန်တိုင်းနှင့် မုန်တိုင်းဒီရေကို ခံနိုင်သည့် ခိုလှုံရာ ကွန်ကရစ် အဆောက်အအုံမြင့်များ၊ ယင်းခိုလှုံရာနေရာတွင် ရေ၊ အစားအသောက်၊ ဆေးဝါးများ ကြိုတင် စုဆောင်းထားခြင်းများစသည်ဖြင့် မြားမြောင်လှ သော ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည်။
သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက ကယ်ဆယ်တုံ့ပြန်ရေးအတွက် ပြည်သူလူထုကို အခြေခံသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ စနစ်တကျလေ့ကျင့် သင်ကြားပေးခြင်းတို့ဖြင့် သဘာဝဘေးအန္တရာယ်ကို ဒေသအလိုက် ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယင်းတို့တွင် တစ်ဦးချင်း၊ မိသားစုအလိုက် အလုပ်အကိုင် အမျိုးအစား၊ နေရာဒေသအလိုက် ကာကွယ်တုံ့ပြန် ဆောင်ရွက်မှုများ ပါဝင်မည်ဖြစ်သည်။ သို့မှသာ သဘာဝဘေးအန္တရာယ် မကျ ရောက်မီ ကြိုတင်ပြင်ဆင်ခြင်းအပိုင်း ( Disaster Preparedness ) နှင့် ဘေးအန္တရာယ် ကျရောက်ပါက တုံ့ပြန်အရေးယူဆောင်ရွက်ခြင်း (Disaster Response) တို့ကို လျင်မြန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးစီမံချက်များကို နိုင်ငံတော်၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်အထိ ရေးဆွဲထားရန် လိုအပ်သည်။ ယင်းစီမံချက်များကို အောက်ခြေ အဆင့်အထိ အသိပညာပေးခြင်း၊ လေ့ကျင့် သရုပ်ပြထားခြင်းဖြင့် ယင်းစီမံချက်များကို ဘေးအန္တရာယ် ကျရောက်သည့်အချိန်တွင် အလွယ်တကူ အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
နာဂစ်မုန်တိုင်းကြောင့်ဖြစ်ပေါ်ခဲ့ရသော ပျက်စီး ဆုံးရှုံးမှုများမှ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် မြေနိမ့်ဒေသဖြစ်ခြင်း၊ လူဦးရေထူထပ်သိပ်သည်းခြင်း၊ အသက်ကယ်ကုန်းမြေမြင့်နှင့် မုန်တိုင်းခို အဆောက်အအုံမရှိခြင်း၊ ခိုင်ခံ့သော အိမ်များ နည်းပါးခြင်း၊ ပြည်သူလူထုသည် အတိတ်အတွေ့ အကြုံနှင့် မုန်တိုင်းဆိုင်ရာသဘာဝဘေးဗဟုသုတမရှိခြင်း၊ မြစ်ရေဝင်ပေါက်များ ပေါများလွန်းခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်မှု အခြေအနေ ပြ မြေပုံများ မရှိခြင်း၊ အလွယ်တကူ ရွှေ့ပြောင်းနိုင် သောလမ်းကြောင်းများမရှိခြင်း၊ ဒီရေတောများ၊ လမုတောများပြုန်းတီးခြင်း စသည့်အချက်များ ကြောင့်ဖြစ်သည်ကိုတွေ့ရှိရသည်။ အဆိုပါအချက်များအနက် အချို့အချက်များ ဆောင်ရွက်နေပြီဖြစ် သော်လည်း ဆောင်ရွက်ရန်ကျန်ရှိနေသေးသည့် အချက်များအား ဆက်လက်ဆောင်ရွက်သွားရ မည်ဖြစ်သည်။
သဘာဝဘေးအန္တရာယ် လျှော့ချကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် အခြားနိုင်ငံများမှ ကောင်းမွန်သော လုပ်ဆောင်မှုများကို နမူနာယူ၍ မုန်တိုင်းခိုအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ဒီရေတောများ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း၊ ရေငန်တာတမံများ၊ ကားလမ်းများကို ခိုင်ခံ့အောင် တည်ဆောက်ခြင်း၊ အိမ်များကိုလည်းပိုမိုကောင်းမွန် ခိုင်ခံ့အောင် ပြန်လည်ဆောက်လုပ်ပေးခြင်းတို့ကို စတင်လုပ်ကိုင် ဆောင်ရွက်နေပြီဖြစ်သည့်အတွက် ယခင်ထက်စာလျှင် မုန်တိုင်းသဘာဝဘေးမှလျှော့ချ ကာကွယ်နိုင်မည်ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး အတွက် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်ကျရောက် နိုင်မှုအပေါ် မူတည်တွက်ချက်၍ ဘေးသင့်နိုင်သည့် ပြည်သူလူထုအတွက် လုံလောက်သော ကာကွယ်စောင့်ရှောက်မှုများရရှိအောင် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သည်။
နိဂုံး
အချုပ်အားဖြင့်ဆိုရလျှင် နာဂစ်မုန်တိုင်း သဘာဝဘေးဆိုးကြီးသည် လူအမြောက်အမြား သေဆုံး၊ ပျောက်ဆုံးခဲ့ရသော ဘေးဒဏ်ကြီးဖြစ်သည့် အားလျော်စွာ နောင်လာနောက်သားတို့အတွက် သင်ခန်းစာကောင်းကောင်းပေးခဲ့သော ဖြစ်စဉ်ကြီးဖြစ်သည်။ ထိုဘေးအန္တရာယ်များ ကျရောက်ခဲ့သည့် ဖြစ်စဉ်ကြီးကို နေရာဒေသအလိုက် မှတ်တမ်းတင်၍ နောင်အချိန်အတွက် ကြိုတင်ပြင်ဆင်ရမည့် လက်တွေ့သင်ခန်းစာလည်းဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သော သုံးသပ်ချက်များအရ အားနည်းချက်၊ အားသာချက်များကို မိမိတို့ဒေသအတွက် အသုံးချ စေလိုပါသည်။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် သမိုင်းတစ်လျှောက် မကြုံဖူးသော ပျက်စီးဆုံးရှုံးမှုများကို တွေ့ကြုံ ခံစားရသော်လည်း စိတ်ဓာတ်မကျ ဦးမညွှတ်ဘဲ မြေအုတ်တို့ပြိုရာ ကျောက်အုတ်တို့ဖြင့် တည်ဆောက်မည်ဆိုသော ခိုင်မာသည့်သန္နိဋ္ဌာန်စိတ် ဖြင့် အစိုးရ၊ ပြည်သူ၊ တပ်မတော် စည်းလုံး ညီညွတ်စွာ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့သည့် အစဉ်အလာကောင်းကို ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်။ ။