မန္တလေး မတ် ၉

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန မန္တလေးတိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော မြေစာရင်းပုံစံ(၁၀၅/၁၀၆) QR Code စနစ်ထည့်သွင်း အသုံးပြုနိုင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးညွန့်ဝင်းက ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက ထိန်းသိမ်းထားသည့် မြေပုံနှင့်မှတ်ပုံတင်စာရင်းများကို စာရင်းမြေပုံ ကောက်နုတ်ချက် မိတ္တူရေးကူးပေးရန် လျှောက်ထားလာပါက မြေစာရင်းပုံစံ(၁၀၅)နှင့် မြေရာဇဝင်(၁၀၆)တို့ကို တည်ဆဲအမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရေးကူးဆောင်ရွက်ပေးရကြောင်း၊ မြေစာရင်းပုံစံ(၁၀၅/၁၀၆)ပေါ်တွင် QR Code စနစ်ထည့်သွင်းအသုံးပြုခြင်းကို Internet Access ရရှိသည့် မြို့နယ်မြေစာရင်းဦးစီးဌာနရုံးများအားလုံးတွင် ဧပြီ ၁ ရက်မှစတင်၍ အသုံးပြုရမည်ဖြစ်ပြီး ကျန်မြို့နယ် ရုံးများသည် ယခင်ထုတ်ပေးထားသည့် နည်းလမ်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် မြို့နယ်မြေစာရင်း ဦးစီးဌာနမှူးများသည် အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိ သေချာစွာ တိုက်ဆိုင်စစ်ဆေး အတည်ပြုလက်မှတ်ရေးထိုးရမည်ဖြစ်၍ ယခုပို့ချ လျက်ရှိသည့် သင်ခန်းစာများကို သေချာစွာ လိုက်နာမှတ်သားသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ရှင်းလင်းပြောကြား

ထို့နောက် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန(ရုံးချုပ်)မြေစာရင်း၊ မြေတိုင်းနှင့် ပုံနှိပ်ဌာနခွဲမှ ဦးစီးအရာရှိ ဦးကိုကိုအောင်မျိုးညွန့်က မြေစာရင်းပုံစံ(၁၀၅/၁၀၆) QR Code စနစ် ထည့်သွင်းအသုံးပြုခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၄ မြို့နယ်မှ သင်တန်းသား ၆၉ ဦး တက်ရောက်ကြပြီး သင်တန်းကိုနှစ်ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)