မေးစေ့မှာ ဝက်ခြံပေါက်ရင် အလှပျက်ရတဲ့အပြင် ပိုပြီးနာကျင်ရပါတယ်။ မေးဖျားလျှာခေါက် ဝက်ခြံပေါက်ရင် အန္တရာယ်ရှိတယ်လို့လည်း ရှေးလူကြီးတွေက ပြောထားတော့ ကြောက်ရ ပြန်ရော။ အမှန်တော့ ဝက်ခြံဟာ ဘယ်နေရာမှာပေါက်ပေါက်အတူတူပါပဲ။ ဂရုစိုက်ကုသမှုမရှိဘဲ ပိုးဝင်မှသာ အရေပြားမှာ နောက်ဆက်တွဲပြဿနာတွေရှိလာတာပါ။

 

ပုံမှန်အားဖြင့်တော့ မေးစေ့မှာဝက်ခြံဖြစ်တာက ဟော်မုန်းမညီမျှကြောင့်ဖြစ်တတ်ပါတယ်။ ဟော်မုန်းထုတ်ပေးတဲ့စနစ်က ထုတ်လုပ်မှုလွန်ကဲတဲ့အခါ အဆီဂလင်းတွေရဲ့လုပ်ဆောင်ချက်ပါ လွန်ကဲလာပြီး ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ ဝက်ခြံဆိုတာ အဖြစ်များတဲ့ အလှအပ ပြဿနာတစ်ခုဖြစ်ပေမယ့် မေးစေ့မှာဖြစ်လာသမျှ ဝက်ခြံတိုင်း ဆိုးရွားတဲ့ အကြီးကြီး ဖြစ်လာမှာမဟုတ်ပါဘူး။ အရေပြားဆဲလ်သေတွေ၊ အဆီတွေနဲ့ ဖုန်အညစ်အကြေးတွေ ချွေးပေါက်မှာ ပိတ်ဆို့တဲ့အခါ ဝက်ခြံဖုလေးတွေဖြစ်လာတတ်ပါတယ်။ အဲဒီမှာ ရောင်ရမ်းမှုနဲ့ ဘက်တီးရီးယားတွေ ပိုများလာတာနဲ့ ဝက်ခြံဖုကနေ အဖြူဆံလေးဖြစ်လာပြီး ဝက်ခြံကြီးတစ်ခု ဖြစ်လာတာပါ။ ပိုးမဝင်အောင် ဂရုစိုက်ပေးနိုင်၊ သန့်ရှင်းပေးနိုင်ရင် ဒီအဆင့်ကို မရောက်လာနိုင်သလို အမာရွတ်လည်းဖြစ်ကျန်စေမှာမဟုတ်ပါဘူး။

 

မေးစေ့ဝက်ခြံဖြစ်လာစေတဲ့ အဓိကအကြောင်းရင်း (၃) ခု

 

(၁) ရာသီစက်ဝန်း

 

ရာသီလာမယ့်ရက်မတိုင်ခင် နှစ်ပတ်လောက်မှာ ဝက်ခြံထွက်တတ်တာ သတိထားမိမှာပေါ့။ အဲဒီအချိန်က အက်စထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းဟော်မုန်းတွေ ပိုထုတ်လုပ်တဲ့အချိန်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဒီဟော်မုန်းတွေများလာတဲ့အခါ အဆီဂလင်းတွေကို နှိုးဆွပြီး အဆီထုတ်လုပ်မှုကို လွန်ကဲစေပါတယ်။

 

(၂) စိတ်ဖိစီးမှု

 

စိတ်ဖိစီးစရာတွေ ရှိနေတာလား။ ဒါဆို ဝက်ခြံဖြစ်လာဖို့ ရာခိုင်နှုန်းများတာပေါ့။ စိတ်ဖိစီးမှုတွေက အဆီထုတ်လုပ်မှုကို မြင့်တက်စေပြီး ဝက်ခြံကိုပိုဆိုးစေနိုင်ပါတယ်။

 

စိတ်ညစ်လို့ ညအိပ်မပျော်ရင်လည်း စိတ်ဖိစီးမှုကိုပိုဆိုးစေတယ်၊ အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို ထိခိုက်စေတယ်။ ဒီနှစ်ချက်လုံးက ဝက်ခြံဖြစ်စေတဲ့အကြောင်းရင်းတွေပါ။ စိတ်ဖိစီးနေတာတွေကို ဖြေလျှော့နိုင်မယ့် တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာ စတဲ့နည်းလမ်းတွေကို လုပ်ကြည့်ပါ။ တစ်နေ့ကို အနည်းဆုံး ၅ နာရီလောက်တော့ပြည့်အောင်အိပ်ပါ။

 

(၃) သန္ဓေတားဆေး

 

သန္ဓေတားဆေးတွေက ဝက်ခြံကုသရာမှာ အထောက်အကူပေးနိုင်ပါတယ်။ သောက်ဆေး တွေမှာပါတဲ့ ဟော်မုန်းတွေက ခန္ဓာကိုယ်ထဲက အန်ဒရိုဂျင်ဟော်မုန်းပမာဏကို လျော့နည်းစေပြီး အဆီထုတ်လုပ်မှုကို လျော့စေတဲ့နည်းနဲ့ ဝက်ခြံသက်သာစေပါတယ်။ ဒါပေမယ့် သောက်ဆေးတွေ ရပ်လိုက်တာနဲ့ အန်ဒရိုဂျင်ပမာဏက မြင့်တက်လာပြီး အဆီတွေပိုထွက်လာပါရော။ ဆေးရပ်လိုက်ပြီး မကြာခင်မှာ မေးစေ့ဝက်ခြံထွက်လာတယ်ဆို ဒီအကြောင်းရင်းကြောင့် ဖြစ်နိုင်ပါတယ်။

 

သက်သာအောင် ဘယ်လိုလုပ်ရမလဲ

ဓာတုပစ္စည်းပါဝင်မှုနည်းတဲ့ မျက်နှာသစ်ဆေးသုံးပါ

 

ဆပ်ပြာတုံးတွေ၊အာနိသင် ပြင်းတဲ့ မျက်နှာသစ်ဆပ်ပြာတွေနဲ့မသစ်နဲ့နော်။ Benzoyl peroxide၊  salicylic acid ၊ နဲ့ glycolic acid ပါတဲ့ မျက်နှာသစ်ဆေးတွေကို ရွေးပါ။ ဒီပါဝင်ပစ္စည်းတွေက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပြီး မျက်နှာအသားအရေရဲ့  pH ထိန်းညှိမှုကို မထိခိုက်စေဘဲ အဆီပိုတွေကို သန့်စင်ပေးနိုင်ပါတယ်။

 

ရေခဲကပ်ပေးပါ

 

ဝက်ခြံရှိတဲ့နေရာကို မိနစ်အနည်းငယ် (၅မိနစ်ထက်မကျော်ဘဲ) ကြာအောင် အဝတ်နုလေး ပတ်ထားတဲ့ ရေခဲနဲ့ကပ်ပေးပါ။ ဝက်ခြံရောင်ရမ်းတာ၊နာကျင်တာ၊ နီမြန်းနေတာ သက်သာ သွားပါလိမ့်မယ်။ ဖိတော့ မဖိမိဖို့တော့ သတိထားပါ။

 

ဝက်ခြံပျောက်ဆေး သုံးပါ

 

ဝက်ခြံသက်သာစေမယ့် လိမ်းဆေးလေးတွေ တို့ပေးလို့ရပါတယ်။

 

ရှားစောင်းလက်ပပ်နဲ့ ကုပါ

 

ဝက်ခြံတွေကို သက်သာစေတဲ့ သဘာဝဆေးတစ်မျိုးပါ။ ဝက်ခြံတွေကို သက်သာစေပြီး ဝက်ခြံအမာရွတ်တွေကိုပါ ကင်းစေနိုင်ပါတယ်။ အရေပြားခြောက်သွေ့မှုကို ကင်းစေနိုင်ပြီး အစိုဓာတ်ထိန်းပေးလို့ ဝက်ခြံတွေကို သက်သာစေဖို့အတွက် အထိရောက်ဆုံး သဘာဝ ဆေးတစ်မျိုးပေါ့။ ရှားစောင်းလက်ပပ်ဂျယ်လီသားကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ  ရှားစောင်းလက်ပပ်အနှစ်ကို လူးပေးပြီး ခြောက်တဲ့အထိထားလိုက်ပါ။ ခြောက်သွားရင် ရေအေးနဲ့ ဆေးချလိုက်ပါ။

 

 ရှားစောင်းလက်ပပ်

 

ဝက်ခြံတွေကို သက်သာစေတဲ့ သဘာဝဆေးတစ်မျိုးပါ။ ဝက်ခြံတွေကို သက်သာစေပြီး ဝက်ခြံအမာရွတ်တွေကို ပါကင်းစေနိုင်ပါတယ်။ အရေပြားခြောက်သွေ့မှုကို ကင်းစေနိုင်ပြီး အစိုဓာတ်ထိန်းပေးလို့ ဝက်ခြံတွေကို သက်သာစေဖို့အတွက် အထိရောက်ဆုံး သဘာဝ ဆေးတစ်မျိုးပေါ့။ ရှားစောင်းလက်ပပ်ဂျယ်လီသားကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ  ရှားစောင်းလက်ပပ်အနှစ်ကို လူးပေးပြီး ခြောက်တဲ့အထိထားလိုက်ပါ။ ခြောက်သွားရင် ရေအေးနဲ့ ဆေးချလိုက်ပါ။

 

ဝက်ခြံတွေကို မဆိတ်ဆွပါနဲ့။ ဝက်ခြံထွက်လာရင် ညှစ်တာ၊ ဖဲ့တာ၊ ကုတ်တာကို လူတိုင်းနီးပါးလောက် လုပ်တတ် ကြပါတယ်။ ဒါပေမယ့် ဒါက ဝက်ခြံကို မသက်သာစေဘဲ ပိုလို့တောင်ဆိုးစေပါလိမ့်မယ်။ ဝက်ခြံအမာရွတ်တွေ ကျန်ခဲ့စေပါလိမ့်မယ်။ ဝက်ခြံတွေကို ညှစ်ထုတ်လိုက်ရင် သက်သာသွားမယ်လို့ထင်ကြပါလိမ့်မယ်။ ဒါက မမှန်ပါဘူး။ ပိုလို့တောင် ဆိုးသွားစေပြီး အမာရွတ်တွေထင်ကျန်ရစ်စေမှာပါ။

 

 

 

ရေးသားသူ Yun Sandi Nan Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်