ထီးချိုင့် ၁၉ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းမြေအသုံးချတာဝန်ခံ ဦးဆောင်သော အဖွဲ့သည် စံပြကျေးရွာဖြစ်သည့် လေသာကျေးရွာအုပ်စု၊ လေသာကျေးရွာတွင် ဒေသခံတောင်သူများ လူမူရေး၊ စီးပွားရေးတိုးတက်စေရန်ရည်ရွယ်ပြီး မြေဆီလွှာအာဟာရ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လေသာကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ယင်းသို့ ပညာပေးဆွေးနွေးရာတွင် မြေဆီလွှာ အာဟာရဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဓာတ်မြေဩဇာ စနစ်တကျ အကျိုးရှိရှိ သုံးစွဲရေးနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲရေး၊ မြေဆီလွှာ စစ်ဆေးရန်အတွက် စနစ်တကျ မြေနမူနာကောက်ယူခြင်းနှင့် မြေဆီလွှာဓာတ်ခွဲစစ်ဆေးခြင်းတို့ကို လက်တွေ့ပြသပြီး ထည့်သွင်းရမည့် ဓာတ်မြေဩဇာနှုန်းထားများ တွက်ချက်ပေးခြင်းတို့ကို လေသာကျေးရွာနှင့် အလယ်တောကျေးရွာအုပ်စုတို့တွင် ပညာပေး ပြသခဲ့သည်။
ရဲလင်းထွန်း (ပြန်/ဆက်)