နေပြည်တော် ဩဂုတ် ၁၉

သဘာဝမြေဩဇာများကို ကိုယ်တိုင်တစ်နိုင်တစ်ပိုင် ထုတ်လုပ်သုံးစွဲနိုင်ကြစေရန်နှင့် စီးပွားဖြစ် ထုတ်လုပ်နိုင်မည့် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) လုပ်ငန်း များ ဖွံ့ဖြိုးလာစေရန် လွယ်ကူရိုးရှင်ပြီး အကျိုးအမြတ်ရှိသော လေပေးစနစ်ဖြင့် မြေဆွေး ထုတ်လုပ်မှု နည်းပညာကို ဖြန့်ဝေပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ပြောကြားသည်။

ယနေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ရေးဆင်းရှိ စက်မှုလယ်ယာသင်တန်း ကျောင်း၌ တောင်သူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ကထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒုတိယဝန်ကြီးက မြေဆီလွှာကောင်းမွန်အောင် အစဉ်ထိန်းသိမ်းဆောင် ရွက်ကြရန်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်ရေးတွင် သဘာဝမြေဩဇာနွားချေးမြေဆွေး ထည့်သွင်းကျွေးမွေးသည့် အလေ့အကျင့်ကောင်းများကို ပြန်လည်အသုံးပြုကြရန် အထူးလိုအပ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

လယ်ယာသီးနှံအကြွင်းအကျန်များကို လွယ်ကူစွာဆွေးမြေ့စေသော လေပေးစနစ်ဖြင့် မြေဆွေးပြုလုပ်ခြင်း နည်းစနစ်ကို စက်မှုလယ်ယာဦးစီးဌာနက သုနေသနပြု စမ်းသပ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် အကျိုးရှိစွာ အသုံးပြုနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တီထွင်ဆန်းသစ်မှုကို အခြေခံသည့် တောင်သူ အကျိုးရှိစေမည့် နည်းပညာများ တောင်သူ့လက်ဝယ်အရောက် ဖြန့်ဖြူးပေးခြင်း ၊ သဘာဝမြဩဇာကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြခြင်းဖြင့် နိုင်ငံတစ်ဝှမ်းရှိစိုက်ပျိုးမြေများ မြေဆီလွှာကျန်းမာရေး ကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ၊ ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တောင်သူလယ်သမား အခြေပြု ခန်းမ၌ နွေစပါးစိုက်ခင်းများတွင် စပါးဘီလူး(စပါးရိုင်း)များ ဖယ်ရှားရှင်းလင်းနိုင်ရေး ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် တတိယအကြိမ် တောင်သူနည်းပညာပေး ဆွေးနွေးပွဲ (Famers’ Forum) သို့တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က လယ်ယာကဏ္ဍတွင် အများဆုံးကြုံတွေ့နေကြရသည့် မျိုးပြဿနာ၊ မြေပြဿနာ၊ ရေပြဿနာနှင့် နည်းပညာ ပညာလိုအပ်ချက်များအပြင် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ ဖြေရှင်းပေးနိုင်ရေး နှင့် လယ်ယာကဏ္ဍအခက်အခဲ ပြဿနာများကို အကောင်းဆုံးကျော်ဖြတ်နိုင်မည့် နည်းလမ်းများ ညှိနှိုင်းအဖြေရှာဖော်ထုတ် ဆောင်ရွက်ပေးရန်ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က ယနေ့ဆွေးနွေးမည့် စပါးရိုင်းများသည် မျိုးစေ့အရည်အသွေးကို ကျဆင်းစေနိုင်ယုံမက တန်ဖိုးရှိလှသောရေနှင့် သွင်းအားစုများကို ရယူစားသုံးကြခြင်းကြောင့် စပါးအထွက်ကိုအထူးထိခိုက်နိုင်ကြောင်း ပြောကြားသည်။

ယနေ့ကျင်းပသည့် တောင်သူနည်းပညာပေးဆွေးနွေးပွဲ (Famers’ Forum) တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိဦးစီးဌာနများမှ သုတေသီ များ၊ ပညာရှင်များနှင့် စိုက်ပျိုးပညာပေးတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ အတွင်းမှ တောင်သူများ တက်ရောက်ခဲ့ကြပြီး နွေစပါးစိုက်ခင်းများတွင် စပါးဘီလူး (စပါးရိုင်း)များ ပေါက်ရောက်မှုကိုနှိမ်နင်းနိုင်ရေးဆိုင်ရာ နည်းစနစ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်