နေပြည်တော်၊ မတ် ၂၇

တစ်ဧကချင်း ထုတ်လုပ်မှုနှင့် တောင်သူတစ်ဦးချင်း၏ဝင်ငွေ တိုးတက်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာ အသုံးပြုဆောင်ရွက်ရန် လိုကြောင်း၊ စိုက်ပျိုးမည့် မြေခံတွင်ရှိနေသည့် မြေဆီဩဇာနှင့် စိုက်ပျိုးသည့် အပင်၏ အာဟာရလိုအပ်ချက်ကို ချိန်ညှိပြီး စိုက်ပျိုးရေး သွင်းအားစုများကို အချိုးအဆမှန်မှန်ကန်ကန် အသုံးပြုနိုင်မှသာ အထွက်နှုန်းနှင့် သီးနှံအရည်အသွေး ကောင်းမွန်မည်ဖြစ်ကြောင်း၊ မြေဆီလွှာဖွံ့ဖြိုးရေးလုပ်ငန်းနှင့် အပင်အာဟာရဓါတ် ဖြည့်စွက်ခြင်းလုပ်ငန်းကို တောင်သူများကွဲကွဲပြားပြား သိရှိဆောင်ရွက်ရန် လိုကြောင်း၊  မတ် (၂၅) ရက်က ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကိုးအိမ်တန်းကျေးရွာတွင် ပြုလုပ်သည့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်) မျိုးစေ့ စုပေါင်းကြဲပက်ပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဆွေးနွေးပြောကြားသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးအသုံးပြုမည့် ပိုက်ဆံလျှော် မျိုးစေ့များကို တောင်သူများကို ပေးအပ်ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသနေတောင်သူများနှင့်အတူ ပိုက်ဆံလျှော်မျိုးစေ့များကြဲပက် စိုက်ပျိုးခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ငါးလုပ်ငန်း သင်တန်းကျောင်း (ဖျာပုံ) တွင် ကျားဖောင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍  ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များ ပြည်တွင်း စားသုံးမှု ဖူလုံရေးနှင့် ပြည်ပပို့ကုန် ကဏ္ဍမှ နိုင်ငံခြားငွေ တိုးတက် ရှာဖွေပေးနိုင်ရေး၊ သဘာဝရေသယံဇာတ ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သော စီးပွားဖြစ် ထုတ်လုပ်မှုဖြစ်စေရေးအတွက် မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးလာရေး  ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

ထိုမှတဆင့် ကျိုက်လတ်မြို့နယ်၊ ကျခတ်ကုန်းကျေးရွာ နွေစပါးစံကွက်ရိတ်သိမ်းပွဲနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်) မျိုးစေ့ စုပေါင်းကြဲပက်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေးပြီး ဒေသနေတောင်သူများနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံ၍ စက်မှုလယ်ယာသို့ အပြည့်အဝ ကူးပြောင်းရေး ၊ လယ်ယာသုံး စက်ကိရိယာများ ရင်းနှီးမြုပ်နှံမှုနှင့် ထိုက်တန်သည့် အကျိုးစီးပွားရရှိစေရန်ဆိုင်ရာ စက်ကိရိယာ၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်ရေး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးကို ဒေသအလိုက် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်