မေဓါဝီလမ်းမကြီးတွင် ခရီးသည်တင်ယာဉ်လိုင်းပြေးဆွဲနိုင်ရန် စီမံဆောင်ရွက်သွားမည်

ရန်ကုန် ၈ ဒီဇင်ဘာ

 

ခရီးသည်များ၏ သွားလာမှုအခက်အခဲလိုအပ်ချက်နှင့် ယာဉ်များပြေးဆွဲနိုင်မှု အခြေအနေအား လေ့လာပြီး လမ်း ပြုပြင်မှုများ ပြီးဆုံးပါက မေဓါဝီလမ်းမကြီးတွင် ခရီးသည်တင်ယာဉ်လိုင်း ပြေးဆွဲနိုင်ရန် စီမံဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် ပြောကြားလိုက်ပါတယ်။

 

မေဓါဝီလမ်းမကြီးတွင် ခရီးသည်တင်ယာဉ်လိုင်းများ ပြေးဆွဲရန် အစီအစဉ် ရှိ/မရှိ မေးခွန်းအား ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က မေးမြန်းခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့ခြင်းဖြစ်သည်။

 

မေဓါဝီလမ်းမကြီးသည် တိုးချဲ့ပြုပြင်နေဆဲဖြစ်ကာ မေဓါဝီဈေးနှင့် ဈေးဆိုင်များ၏ လမ်းမပေါ်တွင် နေရာယူမှုများကြောင့် ခရီးသည်တင်ယာဉ်ကြီးများ သွားလာမှုအခက်အခဲရှိပြီး မေဓါဝီလမ်းနှင့် ဆက်စပ်လျက်ရှိသော သုဓမ္မာလမ်း၊ ခေမာသီလမ်းများအပေါ်တွင် YBS (၂)၊ YBS (၁၅)၊ YBS (၁၆)၊ YBS (၃၆)၊ YBS (၄၆) ယာဉ်လိုင်းများ ဖြတ်သန်းပြေးဆွဲပေးလျက်ရှိပါကြောင်း ဒေါ်နီလာကျော်က ပြောကြားသည်။

 

မေဓါဝီလမ်းမကြီးသည် ယခင်က ခရီးသည်ယာဉ်လိုင်းများ ပြေးဆွဲခဲ့သော်လည်း လမ်းပျက်စီးမှု အနေအထားနှင့် ယာဉ်သွားလာရန် အခက်အခဲကြောင့် ခရီးသည်ယာဉ်လိုင်းများပြေးဆွဲမှု ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မျိုးထက်ဦး(MDN)