မွေခံထိုက်စေ

၈ ဇူလိုင်

 

သမိုင်းပြောင်မညှိုး စစ်ကိုင်းတောင်ရိုးဟု စာဆိုလေ့ရှိသော စစ်ကိုင်းတောင်တွင် ကနဦးအစောဆုံးတည်ခဲ့သော ချောင်သုံးချောင်ရှိသည်။ ပိတောက်ချောင်တဲ့၊ ပဘာချောင်တဲ့၊ အနုရုဒ္ဓါချောင်တဲ့။ စစ်ကိုင်းတောင်ရိုးသို့ ငယ်စဉ်ကတည်းက မကြာခဏ ရောက်ဖြစ်သော်လည်း ထိုရှေးဟောင်းနေရာ ရှေးဟောင်းချောင်တွေအကြောင်းမသိခဲ့။

 

အာဂသုတေသီရဟန်းစာဆို


စာကလေး၊ ပေကလေး လောက်လောက်လားလား ဖတ်လာချိန်မှာ ဆရာတော်ရွှေကိုင်းသားဟူသော အာဂသုတေသီ ရဟန်းစာဆိုတစ်ဦးက စစ်ကိုင်းတောင်ရိုး  အနုရုဒ္ဓါချောင်မှာ  သီတင်းသုံးလျက်ရှိသည်ဆိုတာ  သိမှတ်ရငြား ထိုအနုရုဒ္ဓါချောင်သို့ တစ်ခေါက်တလေမျှပင်မရောက်ဖူးခဲ့။ အရပ်ချင်းနီး၍ အရောက်အပေါက်မပြတ်လှသော   ပွဲကုန်းရပ်က ဆရာကြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)ထံ ရောက်တိုင်း ဆရာတော် ရွှေကိုင်းသားအကြောင်း၊ အနုရုဒ္ဓါချောင်အကြောင်း ကြားသိရတိုင်း ပါးစပ်အဟောင်းသား ငေးမောနားထောင်ရုံပဲပေါ့။ တကယ်တော့ စစ်ကိုင်းတောင်၏ အံ့ဖွယ်အနှစ်ကို မတွေ့ခဲ့ခြင်းပင်တည်း။

 

စစ်ကိုင်းတောင်ရိုးပျော် ဆရာတော်


တကယ်တော့ စာဖတ်တတ်စအချိန်ကတည်းက အစ်ကိုတစ်ယောက်၏ စာအုပ်စင်မှ  ၁၆  ချိုးဆိုက်မန္တလေးဟူသော စာအုပ်လေးတစ်အုပ်ကို နှစ်နှစ်ခြိုက်ခြိုက်ယူ၍ကြည့်နေကျ၊ စာအုပ်လေးမှာ မန္တလေနှင့်ပတ်သက်တာတွေ အစုံအလင်ပါသည်။ ဓာတ်ပုံတွေကလည်း စိတ်ဝင်စားစရာတွေချည်း၊ ကျွန်တော်မကြာခဏ တစွတ်စွတ်ယူဖတ်သော မန္တလေးဆိုသည့် စာအုပ်လေးကို   ပြုစုသူက  ရတနာပုံဖိုးမှတ်စု ဖြစ်သည်။ ရတနာပုံဖိုးမှတ်စုဆိုတာ ရွှေကိုင်းသားမှန်းမသိ၊ နောက်မှသိသည်။ သိတော့လည်း ရွှေကိုင်းသားဆိုတာ စစ်ကိုင်းတောင်ရိုးပျော် ဆရာတော်တစ်ပါးမှန်းလည်းမသိ။ သည်တော့ အနုရုဒ္ဓါချောင်ဆိုတာဝေးပေါ့။ အစ်ကို့စာအုပ်စင်မှ ကျွန်တော်နှစ်နှစ်သက်သက်ယူကြည့်ဖြစ်သည့်စာအုပ်က  အဆိုပါမန္တလေစာအုပ်အပြင် မန်းရာပြည့်ဓာတ်ပုံစာစောင်လည်းပါသည်။ တကယ်တော့ မန်းရာပြည့်ပွဲကို ကျွန်တော်မသိပါ။ ကျွန်တော်လသားအရွယ်ပဲရှိဦးမှာပေါ့။ ကျွန်တော်တို့ငယ်စဉ်ကတော့  လူကြီးတွေက  မန်းရာပြည့်ပွဲအကြောင်း တခုတ်တရပြောကြလှသည်။ မန္တလေချမ်းမြသာစည်လေယာဉ်ကွင်းက  မန္တလေးမြို့တစ်ပတ် လေယာဉ်စီးခွင့်ဆိုတာ တစ်သက်တစ်ခါကြုံခဲသည့် အခွင့်အရေးပဲ။ မန္တလေတောင်ခြေက   ကွင်းကြီးမှာကျင်းပသော မန်းရာပြည့်ပွဲကြီးကလည်း သားစဉ်မြေးဆက် ပြောမကုန်အောင် စည်ကားခမ်းနားလှသည့် ပွဲကြီးဖြစ်သည်။ မန္တလေမူ၊ မန္တလေဟန်၊ မန္တလေဓလေ့၊ မန္တလေထုံးနှင့် မန္တလေသား မြန်မာပညာရှိကြီးများ၊ မြို့မိမြို့ဖကြီးများ စိတ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကျင်းပခဲ့သောပွဲကြီးမို့ ကျေနပ်အားရစရာကောင်းလှချည့်တဲ့။

 

ရတနာပုံဖိုးမှတ်စု


“မန္တလေးစာအုပ်ကို ရတနာပုံဖိုးမှတ်စုအမည်နှင့်ထုတ်ဝေတာ စစ်ပြီးစကတည်းကတဲ့။   ထို့နောက်ထိုမန္တလေးကိုပင် ပြန်လည်ဖြည့်စွက်ပြင်ဆင်ပြုစုကာ ရွှေကိုင်းသားကလောင်ဖြင့် အနှစ် ၁၀ဝ ပြည့် မန္တလေကျမ်းကြီးကို  မန်းရာပြည့်အမီ  ထုတ်ဝေပြန်သည်။ သတင်းစာဆရာကြီး လူထုဦးလှက မန္တလေးမြို့တည်နန်းတည် နှစ် ၁၀ဝ ပြည့်ပွဲတော်ကြီးအမီ ဤစာအုပ်ကြီးကို ဤမျှပြည့်ပြည့်စုံစုံ ဦးပဉင်းပြုစုနိုင်သည်မှာ လွယ်လွယ်ကူကူကားမဟုတ်ပေ၊ ရည်ရွယ်ချက်ဖြင့် အနှစ်နှစ်အလလကြီးသော လုံ့လ၊ ယှဉ်သောဉာဏ်ဖြင့် သုတေသနပြုခဲ့ခြင်းများ၏  အောင်မြင်သော အသီးအပွင့်သာလျှင် ဖြစ်ပေသည်။

 

မန်းရာပြည့်၏ ကနဦးအစဖခင်


မန္တလေးသည် ကောဇာသက္ကရာ ဇ် ၁၃၂၁ ခု၊ ကဆုန်လပြည့်ကျော် ၆ ရက် (ခရစ်နှစ် ၁၉၅၉ ခု မေလ ၂၇ ရက်) ဗုဒ္ဓဟူးနေ့ ညဉ့်သုံးချက်တီးကျော်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ ကြာသပတေးနေ့အဝင် ၄ နာရီ ၂ ပါဒ်၊ ၂ ဗီဇနာ၊ ၅ ပြန်၊ ၅ ခရာအချိန်၊ စက်နာရီ ၄ နာရီ၃၁  မိနစ်  ၃၉  စက္ကန့်အချိန်တွင်  နှစ်ပေါင်း ၁၀ဝ တင်းတင်းပြည့်သည်ဟု ဆိုသည်။ မန္တလေး အနှစ် ၁၀ဝ ပြည့်ပွဲတော် (ဝါ) မန်းရာပြည့်ပွဲကို  အဓိပ္ပာယ်ရှိရှိ၊ အနှစ်သာရရှိရှိ  ကျင်းပနိုင်ရေးအတွက်  မနားမနေကြိုးပမ်းခဲ့သူမှာ ဆရာတော် ရွှေကိုင်းသားဖြစ်သည်။ ပိုမို၍ အံ့ဩဂုဏ်ယူ ဖွယ်ကောင်းသည်မှာ ဤရွေ့ဤမျှ မအိပ်မနေကြိုးပမ်းခဲ့သော ဆရာတော်သည် တကယ်တမ်းပွဲတော်ကြီးကျင်းပဖြစ်သောအခါ မည်သည့်ကော်မတီ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်နေရာတွင်မျှ နေရာယူ၊ နာမည်ယူခြင်းမရှိဘဲ သာမန်ပရိသတ်တစ်ဦးအနေနှင့်သာ အိမ်တော်ရာ ထီးချိုင်းကြားညှပ်ပြီး ပြခန်းတွေထဲ ဝင်ထွက်ကြည့်ရှုနေသည်ဟု ဆိုသည်။ မန်းရာပြည့်၏ ကနဦးအစ ဖခင်တစ်ဦးအနေနှင့်လည်း မည်သူကမျှ မသိကြ။

 

အံ့ဖွယ်သည်းခံနိုင်စွမ်း


ဆရာတော်၏ အံ့ဖွယ်သည်းခံနိုင်စွမ်းတစ်ခုမှာ အနုရုဒ္ဓါချောင်တွင် သီတင်းသုံးစဉ် ၁၉၈၁ ခုနှစ်က ဓားပြတိုက်ခံရသည်။ ထိုနေ့က ဧပြီ ၁၉ ရက်နေ့တဲ့။ ည ၉ နာရီသာသာမှာ ဓားပြတွေ ကျောင်းကိုရောက်လာပြီး ဆရာတော့်ကိုရိုက်နှက်ကာ ပစ္စည်းများမွှေနှောက်ယူငင်သွားကြသည်။ ဓားပြများရိုက်နှက်ခံရ၍ ဆရာတော်၏ သွားတစ်ချောင်းကျိုးသည်။ နံရိုးတစ်ချောင်းကျွံနေရစ်သည်။ ခေါင်းမှာ ဦးခွံတစ်နေရာ ပိန်ဝင်သွားသည်။ တစ်ကိုယ်လုံးလည်း အရှိုးအစင်း၊ အညိုအမည်းတွေက ရစရာမရှိတဲ့။ စစ်ကိုင်းဆေးရုံမှာ ရက် ၂၀ ကျော် ကုသယူရသည်။ သို့သော် ဆရာတော်က ဓားပြများနှင့်ပတ်သက်၍ လုံးဝရေငုံနှုတ်ပိတ်နေသည်။ မှတ်မိနိုင်သူပါကောင်းပါနိုင်သော်လည်း လုံးဝမပြော၊ လုံးဝမဟ။ ဤမျှသည်းခံခဲ့သည်။

 

ထိုအနုရုဒ္ဓါချောင်မှာပင် သက္ကရာဇ် ၁၃၄၉ ခု၊ ဝါဆိုလဆန်း ၄ ရက် (ခရစ်နှစ် ၁၉၈၇ ခု၊ ဇွန်လ ၂၉ ရက်) တနင်္လာနေ့တွင် ဆရာတော်ရွှေကိုင်းသား ပျံလွန်တော်မူသည်။   ဝါဆိုလဆန်း  ၈ ရက်  (၃.၇.၈၇) သောကြာနေ့တွင် နိဗ္ဗာန်ကျောင်းချခန်းဖွင့်ပြီး ဝါဆိုလပြည့်နေ့ (၁၀.၇.၈၇) နေ့တွင် အန္တိမအဂ္ဂိ်ဈာပနသဘင်ဆင်ယင်ခဲ့သည်။ တကယ်တော့ ဆရာတော်သည်မျှမက အသက်ရှည်ပြီး စာပေတာဝန်များ ထမ်းနိုင်ပါသေး၏။ မသမာသူယုတ်မာ ဓားပြများ၏ ရိုင်းစိုင်းရက်စက်မှုဖြင့်ရရှိသောဒဏ်ရာများ ဝေဒနာများက  ဆရာတော့်အသက်ထိ အန္တရာယ်ပေးသွားခဲ့ခြင်းဖြစ်ပါ၏။

 

ယွန်းကျောင်းချောင်
မုလေးရုံ တောစမှာ ဒေါနလမ်းမြေညီ
လျောကျ စမ်းရေသင်းချီတယ် ရွှေနှင်းဆီကန်ချောင်း
လွမ်းမတတ် စကားဝါဂူမှာ
နံ့သာဖြူ လေးမောင့်စံကျောင်း 

 

စလေဆရာကြီးဦးပုည၏ ရုက္ခမူတေးထပ်လေးကိုအရသာရှိရှိ ထင်မြင်ခံစားနိုင်တာက စစ်ကိုင်းတောင်ယွန်းကျောင်းချောင်သို့ ရောက်ဖူးစဉ်ကဖြစ်သည်။ ယွန်းကျောင်းချောင်က ဝါးချက်ရွာ၏အထက်မှာရှိသည်။ စစ်ကိုင်းတောင်၏ မြောက်ဘက်အစွန်မှာ ရှိမှာပေါ့။ တရုတ်စကားပင်တွေ တစ်ဖက်တစ်ချက်မှာ ပေါက်နေသော လျှိုကြီးတစ်ခုအတွင်း ညာဘက်က တောင်ကမူလေးတစ်ခုပေါ်မှာရှိသည်။ ရှေးကျလှသော အုတ်လှေကားလေးအတိုင်း တက်သွားရသည်။ ကျောင်းက ကြီးကြီးကျယ်ကျယ် မဟုတ်။  ဘာမှမရှိ။ ခပ်သေးသေး။ ကျွန်တော်တို့ရောက်တော့ ကျောင်းမှာ တောထွက်ဦးပဉ္စင်းကြီးတစ်ပါးသီတင်းသုံးနေသည်။ ကျောင်းကလေးနံဘေး ကျောက်တုံးဖိုခနောက်ပေါ်တွင်  ထင်းမီးမျှဉ်းမျှဉ်းဖြင့် မီးခိုးအူတက်နေသော ရေနွေးအိုးတစ်လုံး တည်ထားသည်။ တကယ်တော့ ယွန်းကျောင်းကလေးနှင့်  ကျောင်းကလေးအတက် အုတ်လှေကားတို့က စလေဆရာ၏ ရုက္ခမူတေးထပ်ပါ စာသားတို့နှင့်တော့ထပ်အပ်မတူလှ။ တရုတ်စကားပင်အိုတို့ အရိပ်အောက်မှ ရွက်ကြွေခြောက်တွေထူထူ လဲလျောင်းနေသည့်လမ်းကလေးအတိုင်း ဟောင်းနွမ်းနေသော အုတ်လှေကားထစ်တွေအတိုင်း တက်ရခြင်းဖြစ်သည်။   ဘေးမှာ သစ်ပင်ခြုံပုတ်တို့ တောထနေ၏။ တချို့အပင်တွေက တောမီးသင့်ထားသည်။ ချိုးကူသံသဲ့သဲ့က တောင်နံရံကိုပဲ့တင်ထပ်၏။

 

ဆရာတော်ရွှေကိုင်းသား တစ်ပါးတည်းသီတင်းသုံး


စစ်ကိုင်းတောင်ရိုး မြောက်ဘက်အစွန်အဖျား တောင်စွယ်ကြားရှိ ယွန်းကျောင်းလေးကဆင်းပြီး သဲတာလမ်းအတိုင်း ခရီးဆက်သည်။ ထိုယွန်းကျောင်းလေးမှာ ဂျပန်ခေတ်တစ်လျှောက်လုံးနှင့် စစ်ပြီးခေတ်က ဆရာတော်ရွှေကိုင်းသား တစ်ပါးတည်းသီတင်းသုံးကာ မန္တလေးကဲ့သို့သော၊ ဆင်ယင်ထုံးဖွဲ့မှုကျမ်းကဲ့သို့သော၊ အနှစ် ၁၀ဝ ပြည့် မန္တလေးကဲ့သို့သော အခြားနက်နဲအဖိုးတန်ဆောင်းပါးများ၊ သုတေသနစာတမ်းများကဲ့သို့သော စာကောင်းများကို ပြုစုခဲ့သည်။ ဘာပကာသနမှမရှိဘဲ ရာသီဥတုလုံခြုံရုံကျောင်းလေး၏ အမိုးအောက်မှာ    ဘာအသိုက်အဝန်း အခြံအရံမျှမရှိဘဲမြန်မာစာပေနှင့် သုတေသနခရီးအတွက် ဆရာတော်က ကြီးမားသောတာဝန်များကို ထမ်းခဲ့သည်။

 

ကျွန်တော်တို့ တူရူခရီးဆက်နေသည်က ပျံတော်မူသည်အထိ ဆရာတော်သီတင်းသုံးခဲ့သော မဟာဝိဇ္ဇာကျမ်းပြု ကျောင်းသူ ကျောင်းသားများမှအစ၊ သတင်းစာဆရာ၊ စာရေးဆရာ၊ သမိုင်းပညာရှင်များအလယ်၊ ကမ္ဘာအရပ်ရပ်မှ သုတေသီပညာရှင်ကြီးများအဆုံး တခုတ်တရ လာရောက်ကြရသော၊ မေးမြန်းကြရသော၊ လေ့လာကြရသော အနုရုဒ္ဓါချောင်ဆီသို့ဖြစ်သည်။

 

အနုရုဒ္ဓါချောင်


ကျန်ကောင်းကျန်ရာ ကျန်ရှိနေသေးသည့် ရှေးဟောင်းလက်ရာ အနုရုဒ္ဓါချောင်ဟူသော  သစ်သားပန်းပုဆိုင်းဘုတ်လေးနှင့် မန်ကျည်းပင်ကြီးတစ်ပင်အောက် သစ်သားဝင်းထရံ အတားအဆီးလေးအရောက် ဖိနပ်တွေချွတ်လိုက်ကြသည်။ ခပ်လှမ်းလှမ်းကျောင်းရိပ်မှာ ဝပ်နေသော ခွေးတစ်ကောင်က ဆီးဟောင်လိုက်၏။ ပြာသာဒ်ပုံနှင့် သစ်သားကျောင်းဟောင်း တစ်ဆောင်က ညာဘက်မှာ တိတ်ဆိတ်နေသည်။ တူရူမှာ နံရံကပ်တိုက်လေးတစ်လုံး။  ဘယ်ဘက်မှာလည်း ပိတ်ထားသော သစ်သားကျောင်းတစ်ဆောင်ရှိသည်။ ကျောင်းဝိုင်းထဲမှာ တရုတ်စကားပင်တွေက သူ့အပွင့်များကိုတစ်ပွင့်ချင်းခြွေချနေ၏။

 

ကျွန်တော်တို့အသံကြားတော့ ဦးပဉင်းတစ်ပါးထွက်လာသည်။ ချွတ်ထားသောဖိနပ်တွေကို စီးရင်း ကျောင်းဘက်သို့   လွမ်းလွမ်းဆွတ်ဆွတ်လှည့်ကြည့်ဖြစ်ကြသည်။   အရင်က စာပေသမားတွေ၊ ပညာရှင်တွေ၊ သုတေသီတွေနှင့် ဝင်ထွက်မပြတ်ရှိခဲ့သော အနုရုဒ္ဓါချောင်ကို ထိထိခိုက်ခိုက်လွမ်းဆွတ်နှင့် ပြန်လှည့်ကြည့်မိသည်။

 

ခရီးက နိဋ္ဌိတံပါပြီ


“အရိုးအိုးတို့ ဘာတို့ဆိုတာ၊ ကျောင်းမှာမထားကောင်းဘူးကွယ့်၊ ကျောင်းကန်းတတ်တယ်၊ လာဘ်တိတ်တတ်တယ်၊ ဒါကြောင့်  ဧရာဝတီမြစ်ထဲ မျှောချလိုက်ပြီ”ဟူသော ကျောင်းထိုင်ဘုန်းကြီး၏ စကားသံကတော့ပျောက်မသွားသေး၊ ကျွန်တော်တို့နားထဲ ပဲ့တင်ထပ်နေဆဲဖြစ်သည်။

 

ဈာပနကော်မတီနဲ့ ဦးပဉ္စင်းဆွေမျိုးတွေက ဦးပဉင်းရဲ့အရိုးအိုးနဲ့ အထိမ်းအမှတ်ဗိမာန်ကို အနုရုဒ္ဓါချောင်မှာ တည်ဆောက်ဖို့ စီစဉ်ခဲ့ကြဖူးတယ်။ “အဲဒါမင်းတို့ဦးပဉ္စင်းအရိုးအိုးကိစ္စ စုံစမ်းချေကြပါဦး” ဟု  အမေ လူထုအဒေါ်အမာက သတိတရလွှတ်လိုက်သောခရီးက နိဋ္ဌိတံပါပြီ။ အပြန်ခရီးမှာ တရုတ်စကားပင်တန်းတွေအောက်မှာ တရုတ်စကားပွင့်ရနံ့ကြူကြူကို ရှူရှိုက်ခရီးနှင်ရငြား အမောမပြေတော့။ ကုန်လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က။

 

ဪ.... ဒီမှာက သမိုင်းဝင် သမိုင်းတွင်အောင်ခက်ခဲပင်ပန်းစွာဖြင့် ရှေ့ကဘယ်လောက်ပင် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြပါစေ နောက်မျိုးဆက်၏ အသိပညာမဲ့မှုကြောင့် ပျက်စီးရခြင်းများ၊  နောက်ဆက်ခံသူက သူ့အပေါ်လွှမ်းမိုးသွားမှာ စိုးရိမ်စိတ်ဖြင့် လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားပြုကာ သိသိနှင့် ဖျက်ဆီးခြင်းများကြောင့် အကောင်းမှန်သမျှ မကျန်ရစ်နိုင်တော့။

 

(ဆရာတော်ရွှေကိုင်းသားလွန် ၃၂ နှစ်မြောက်ဂါရဝ)