နေပြည်တော် ဧပြီ ၄
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသော စင်္ကာပူသမ္မတနိုင်ငံ၊ အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး (AMRO) တွင် မေခရိုစီးပွားရေးဆိုင်ရာ သုတေ သနလုပ်ငန်းခွင်သင်တန်း (AMRO Secondment Program) သို့ တက်ရောက်ခဲ့ကြသည့် ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ အရာထမ်းနှစ်ဦးတို့က ၎င်းတို့ ၏လေ့လာသင်ကြားမှုအတွေ့အကြုံများ ဆွေးနွေးဖလှယ်သည့် အခမ်းအနားသို့ တက်ရောက်သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး၊ အရည်အချင်းပြည့်ဝသည့်ဝန်ထမ်းများအား စိစစ်ရွေးချယ်၍ ပြည်ပသို့ ပညာတော် သင်များစေလွှတ်ခြင်း၊ ပြန်လည်ရောက်ရှိသည့်အခါတွင်လည်း သင်ယူလေ့လာရရှိခဲ့သည့် ပညာ ရပ်ဆိုင်ရာ ဆည်းပူးလေ့လာမှု အတွေ့အကြုံများကို ပြန်လည်မျှဝေခြင်း၊ လက်တွေ့လုပ်ငန်း နယ်ပယ်များတွင် ပေါင်းစပ်အသုံးချခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ ကျင်းပပြုလုပ်သည့်အစီအစဉ်သည် ယင်းသို့ဆောင်ရွက်မှုများအနက် အစီအစဉ်တစ်ခုဖြစ်ပါ သည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်း ကျောင်းကို ၂၀၂၀ ပြည့်နှစ်တွင်စတင်တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပြီး ဝန်ထမ်းများအတွက် ဘာသာ ရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများ၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ၊ ဗဟုသုတမျှဝေခြင်း အစီအစဉ်များကို စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့အခမ်းအနားတွင် AMRO ၌ လုပ်ငန်းခွင် သင်တန်းတက်ရောက်ခဲ့ကြသူများက လုပ်ငန်းခွင်သင်တန်းကာလအတွင်း လေ့လာဆည်းပူးခဲ့သည့်ကိစ္စ၊ လုပ်ငန်းခွင်အတွေ့အကြုံများ၊ မေခရိုစီးပွားရေးလေ့လာ စောင့်ကြည့်မှုဆောင်ရွက်ချက်များ၊ နိုင်ငံအလိုက် မေခရိုစီးပွား ရေးဆိုင်ရာစောင့်ကြည့်လေ့လာမှုအစီရင်ခံစာရေးသားပုံများ စသည်တို့နှင့်စပ်လျဉ်း၍ လက်တွေ့ လုပ်ငန်းခွင်များတွင် ပါဝင်ဆောင်ရွက်မှုအတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တက် ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ခြုံငုံသုံးသပ်ဆွေးနွေးခဲ့သည်။ အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး (ASEAN+3 Macroeconomic Research Office-AMRO) ကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများ၏ မေခရိုစီးပွားရေးအခြေအနေ ဖြစ်ပေါ်တိုးတက်မှု များကို လေ့လာစောင့် ကြည့်၍ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့နှင့် ပူးပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ချိတ်ဆက်လျက် အဖွဲ့ဝင် နိုင်ငံများသို့ စီးပွားရေးမူဝါဒပိုင်းဆိုင်ရာအကြံဉာဏ်များ ပေးလျက်ရှိသည်။ AMRO ရုံး၏ လေ့ကျင့်သင်ကြားရေးအစီအစဉ်အရ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံတို့မှ ရွေးချယ်ခံရသော အရာထမ်းများအား လုပ်ငန်းခွင်လေ့ကျင့်ရေး တစ်နှစ်သင်တန်းကို နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်း အကြီးအကဲများ၊ အဆင့်မြင့် အရာထမ်းများ၊ ယခင်နှစ်များတွင် AMRO Secondment Program သို့ တက်ရောက်ခဲ့ကြသူ အရာထမ်းများအားလုံးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်