မွေးကင်းစ မေးခိုင်ရောဂါနှင့် ကာကွယ်ဆေးအကြောင်း သိကောင်းစရာ

နေပြည်တော် ၂၇ မတ်

မွေးကင်းစ မေးခိုင်ရောဂါသည်  သန့်ရှင်းမှု မရှိခြင်းများကြောင့် အများဆုံးဖြစ်ပွားပြီး အသက်ဆုံးရှုံးရသည်အထိ ဖြစ်ပွားတတ်ပါသည်။ မွေးကင်းစနှင့်ကလေး ကျန်းမာဖွံ့ဖြိုးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဘယ်လိုကာကွယ်ဆေး ထိုးနှံသင့်တယ် ဆိုတာတွေကို ဖော်ပြပေးထားပါသည်။

မေးခိုင်ရောဂါသည် မြေကြီးထဲရှိ မေးခိုင် ဘက်တီးရီးယားပိုးများ ကူးစက်ဝင်ရောက်ခြင်းကြောင့် ဖြစ်ပွားပါသည်။ မွေးကင်းစ ကလေးငယ်များတွင် မွေးဖွားစဉ် မသန့်ရှင်းသော နေရာများတွင် မွေးဖွားခြင်း၊ ချက်ကြိုးဖြတ်ရာတွင် မသန့်ရှင်းသော ကိရိယာများ အသုံးပြုခြင်း၊ မသန့်ရှင်းသော ပစ္စည်းများ အသုံးပြု၍ ချက်တိုင်ကို ဆေးထည့်ခြင်းနှင့် ကလေးမွေးဖွားစဉ် မွေးဖွားပေးသူ၏ လက်များ သန့်ရှင်းမှု မရှိခြင်းများကြောင့် မေးခိုင်ရောဂါပိုး ကူးစက်ဝင်ရောက်ပြီး မွေးကင်းစမေးခိုင်ရောဂါ ဖြစ်ပွားနိုင်ပါသည်။

 မွေးကင်းစမေးခိုင်ရောဂါ ကူးစက်ဖြစ်ပွားသူ ကလေးငယ်သည်

   မွေးစမှ (၂)ရက်သားအထိ ကျန်းမာစွာဖြင့် နို့ကောင်းစွာ စို့နိုင်ပါသည်။

  (၃) ရက်မှ (၂၈)အတွင်း နို့မစို့နိုင်ခြင်း၊ တောင့်ခြင်း (သို့မဟုတ်) တက်ခြင်းဖြစ်နိုင်သည်။

  အသက်ဆုံးရှုံးနိုင်ပါသည်။

မွေးကင်းစမေးခိုင်ရောဂါကို ကိုယ်ဝန်ဆောင်မိခင်အား ကိုယ်ဝန်ဆောင်စဉ် မေးခိုင်ကာကွယ်ဆေး (သို့မဟုတ်) မေးခိုင်နှင့် ကြက်ညှာနှစ်မျိုးစပ်ကာကွယ်ဆေး ဒုတိယအကြိမ်ကို မမွေးမီ ရက်သတ္တပတ်(၂)ပတ် မတိုင်မီ ထိုးနှံပေးပြီး ဖြစ်ရပါမည်။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

 

MDN