၁၃ မေ
ရာသီဥတု အလွန်ပူပြင်းလာသည့် အကြောင်းအရင်းများကို ဆန်းစစ်ကြရာတွင် ကမ္ဘာကြီးပူနွေးလာမှု၊ ကာဗွန်ထုတ်လုပ်ခြင်း တိုးမြင့်လာမှု၊ မော်တော်ကား၊ လေအေးပေးစက် အစရှိသည့် စက်ကိရိယာများနှင့် စက်ရုံအမျိုးမျိုးတို့က ထုတ်လွှတ်နေသော အပူပမာဏ တစ်နှစ်ထက်တစ်နှစ်ပိုလာမှု၊ သစ်ပင်ခုတ်ထွင်းမှုများကြောင့် အပင်လျော့ပါးလာခြင်း၏ အကျိုးဆက်များကြောင့် သိမြင်လာရသည်။
ကမ္ဘာမြေကြီးပူနွေးမှုဟုဆိုရာတွင်
ကမ္ဘာမြေကြီးပူနွေးလာမှုအကြောင်းပြောကြရာတွင် အသုံးအနှုန်းအရ ပူနွေးမှုဟုဆိုသော်လည်း ကမ္ဘာ့ရာသီဥတု ပျက်ပြားကာ ပူသည့်နေရာများက အဆမတန်ပူပြင်းလာချိန်၊ အေးသည့်နေရာများက မခံနိုင်အောင်အေးခဲခြင်း၊ မြေအောက် ရေရှားပါးလာခြင်း၊ ရေရှားပါးသည့် ဒေသများက ရေရရှိရေး အလွန်ခက်ခဲနေချိန်တွင် အခြားတစ်ဖက်၌ ရေကြီးရေလျှံမှုများနှင့် ကြုံနေရခြင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ကမောက် ကမဖြစ်လာသည်နှင့်အမျှ မြေငလျင်လှုပ်ခြင်း၊ ယင်းနှင့် ဆက်စပ်နေသည့် ဆူနာမီခေါ် ပင်လယ်ရေလှိုင်းကြီးများ တစ်ဟုန်ထိုး တက်လာခြင်း၊ အယ်နီညို၊ လာနီညာဘေး အန္တရာယ်များ ကြုံတွေ့ရခြင်းဖြစ်စဉ်တို့ ပါဝင်သည်။
မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီလအတွင်း နေ့အပူချိန်တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံ တက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်း၊ လေပြင်းနှင့် အတူ မိုးထစ်ချူန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီကြွေခြင်းစသော မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင် ကြောင်းနှင့် လေပြင်းတိုက်ခတ်စဉ် မြေပြင်ရေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိတိုက်ခတ်နိုင်ရာ ပြည်သူများအနေဖြင့် နွေကာလဖြစ်သည့် ဧပြီလနှင့်မေလများအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသဖြစ်စဉ်များကို အထူးဂရုပြု နေထိုင်ကြရန် အသိပေးနှိုးဆော်ထားသည်။
ဧပြီလနှင့်မေလအတွင်း အပူဒဏ်
စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည် နယ်တို့တွင် မေလအတွင်း အပူချိန်မှာ ဧပြီလ၏ ပျမ်းမျှအပူချိန် တို့ထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် (သို့မဟုတ်) ၃၅ ဒီဂရီဖာရင်ဟိုက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှ အပူချိန်ခန့်သာရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှရရှိသည့် အချက်အလက်များအရ သိရသည်။
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်မြို့တွင် အပူချိန်ဆက်တိုက်မြင့်တက်လျက်ရှိပြီး ၁၀ နှစ်တာအတွင်း စံချိန်တင်အပူချိန် ရောက်ရှိရန် ၂ ဒီဂရီစင်တီဂရိတ်သာလိုတော့ကြောင်း သိရသည်။ ပြည်မြို့အတွင်း ဧပြီ ၁၆ ရက်မှ စတင်ကာ အမြင့်ဆုံးအပူချိန် ၄၁ ဒသမ ဝ ဒီဂရီစင်တီဂရိတ်မှစ၍ ဧပြီ ၁၉ ရက် ညနေ ၃ နာရီခွဲတိုင်းတာချက်များအရ အမြင့်ဆုံး အပူချိန် မှာ ၄၂ ဒသမ ဝ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာ ပြီဖြစ်ကြောင်း သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီ ၂၀ ရက် မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ဧပြီလ၏ ပုံမှန်အပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဧပြီလ၏ ပုံမှန်အပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ် မှ ၄ ဒီဂရီ စင်တီဂရိတ်အထိရှိပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပုံမှန်အပူချိန်တို့ထက် ၂ ဒီဂရီစင်တီ ဂရိတ်ပိုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အပူချိန်အမြင့်ဆုံးလများမှာ ဧပြီလနှင့် မေလတို့ဖြစ်ကြပြီး ဧပြီလ ဒုတိယပတ်အတွင်း မိုးရွာသွန်းမှု နည်းပါးခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံး၌ အပူချိန်များ ဆက်တိုက် မြင့်တက်ခဲ့သည်။
ရာသီဥတုပူပြင်းခြင်းကြောင့် အသက်လေးနှစ်အောက် ကလေးများနှင့် အသက် ၆၀ ကျော်သက်ကြီးရွယ်အိုများမှာ အပူဒဏ်ကြောင့်မေ့လဲခြင်း၊ အပူကြောင့် ခြေလက်ရောင် ရမ်းခြင်း၊ အပူကြောင့် ကြွက်တက်ခြင်း၊ အပူကြောင့် အားအင်ကုန်ခန်း ချည့်နဲ့ခြင်းနှင့် အပူကြောင့် ချွေးမထွက်ဘဲ သတိလစ် မေ့မြောသည့် Heat Stoke စသည်တို့ ဖြစ်ပွားနိုင်ကြောင်းလည်း သိရသည်။
Heat Stoke သည် ခန္ဓာကိုယ်၏ အပူချိန်ညှိမှုပျက်စီးသွားခြင်းကြောင့်ဖြစ်ပြီး အပူရှိန်မြင့်တက်လာသည့်အခါ လူ့ခန္ဓညကိုယ်၏ အပူချိန်သည် ၁၀၅ ဒီဂရီဖာရင်ဟိုက်(၄၀ ဒသမ ၅ ဆဲလ်စီးရပ်စ်)အထိရောက်ရှိလာပြီး ဦးနှောက်နှင့်အခြား အဂ ငါ်္အစိတ်အပိုင်းများကို ထိခိုက်စေကြောင်း သိရသည်။
ဗဟိုအဆင့်ပြည်သူ့ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ထား
လူအများတွင် Heat Stoke အန္တရာယ်ရှိလာပါက ကုသပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဗဟိုအဆင့်ပြည်သူ့ဆေးရုံများတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူ့ဆေးရုံပေါင်း ၈၃ ရုံခန့်ရှိပြီး ဗဟိုအဆင့်ဆေးရုံ ၁၈ ရုံ၊ တိုင်းဒေသကြီးအဆင့်ဆေးရုံ ၂၈ ရုံနှင့် တိုက်နယ်ဆေးရုံ ၃၇ ရုံတွင် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
အပူဒဏ်အန္တရာယ်များနှင့် အခြားနောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား ပြည်သူအားလုံးမှ လိုက်နာဆောင်ရွက်ကြရန်နှင့် ဖြစ်ပွားမှုများရှိလာပါက ကျန်းမာရေးဌာန/ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက် ဆေးကုသမှုခံယူရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။
အပူချိန်မြင့်မားမှုနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် အပူဒဏ်အန္တရာယ်၊ ကူးစက်ရောဂါ၊ နာတာရှည်ရောဂါအပါအဝင် အခြားကျန်းမာရေးပြဿနာများ ဆက်စပ်ဖြစ်ပွားနိုင်၍ ပြည်သူများအနေဖြင့် သတိပြုရန်လိုအပ်မှုနှင့် ပတ်သက်၍ “ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေက လူတွေအပေါ်အများကြီး သက်ရောက်မှုရှိပါတယ်။ အပူချိန်မြင့်လေ ခြင်တွေ ပိုပေါက်ပွားလေဖြစ်ပြီး ခြင်ကတစ်ဆင့်ဖြစ်တဲ့ ရောဂါတွေလည်း ဖြစ်ပွားမှုနှုန်းများနိုင်တယ်။ သောက်သုံးရေရှားပါးမှုတွေကြောင့် ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်ရောဂါ၊ ကာလဝမ်းရောဂါတွေ ပိုပြီးဖြစ်တတ်တယ်။ ရေရှားပါးမှုနဲ့အတူ အရေပြားကူးစက် ရောဂါတွေကလည်း တွဲပြီးဖြစ်လာတတ်ပါတယ်။ ဥပမာ-ရန်ကုန် ဆိုရင် မြို့ ပြဖြစ်ပြီး လူဦးရေထူထပ်တယ်။ ဘယ်ရောဂါဖြစ်ဖြစ် ကူးစက်မှုနှုန်းအလွန်မြန်တယ်။ အခုဆိုရင် ရန်ကုန်မှာ အပူချိန်က တဖြည်းဖြည်းမြင့်လာပြီဆိုတော့ ကူးစက်ရောဂါတွေကို သတိထားဖို့လိုပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ဒီလိုနွေကာလမှာ ကလေးတွေမှာ ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါတွေ အစုလိုက် ဖြစ်တာတွေရှိခဲ့တဲ့အတွက် သတိထားရမယ်။ နှစ်စဉ်အပူချိန်က တဖြည်းဖြည်းမြင့်တက်လာတဲ့အတွက် ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်တွေကို လိုက်နာဖို့ ပြောချင်ပါတယ်” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။
“မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအခြေအနေ” အစီရင်ခံစာတွင် ၂၁ ရာစုတစ်ဝက်သို့ ရောက်ရှိသည့်အခါ နိုင်ငံတစ်ဝန်းလုံးတွင် အပူချိန်သည် ၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်မှ ၂ ဒသမ ၇ ဒီဂရီစင်တီဂရိတ် မြင့်တက်လာပြီး အလွန်အကျွံပူသည့် နေ့ရက်များ ပိုမိုများပြားလာမည်ဟု ခန့်မှန်းထားကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသည် တစ်လလျှင် အလွန်အကျွံ ပူသည့်နေ့ရက်တစ်ရက်ခန့်ရှိခဲ့ကြောင်းနှင့် နောင် ၁၀ နှစ်ကြာသည့်အခါတွင်မူ မြန်မာနိုင်ငံသည် အလွန်အကျွံ ပူသည့်နေ့ရက်များသည် တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် တစ်ရက်ခြားတစ်ခါ ကြုံတွေ့ရနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။
အပူနှင့် ထိတွေ့ရသော လုပ်ငန်းများတွင် လုပ်ကိုင်နေရသော လုပ်သားများ အပူကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ဖြစ်လာနိုင်ခြင်းကြောင့် အထူးသတိပြုနေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လအတွင်းက သတိပေးချက်ထုတ်ပြန်ကြေညာခဲ့သည်။
ကာယလုပ်သားများ အထူးသတိပြုရန်လို
နေပူကျဲကျဲတွင် အလုပ်လုပ်ကိုင်သူ ကျပန်းလုပ်သားများ၊ ဝန်စည်စလွယ်ထမ်းပိုးကြသော ကာယလုပ်သားများ၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ(မော်တော်ကား၊ အနှေးယာဉ်၊ ဆိုင်ကယ်ကယ်ရီ)များ၊ လယ်ယာစိုက်ပျိုးလုပ်ကိုင်သူများ၊ ဆောက်လုပ်ရေးလုပ်ငန်းတွင်အလုပ်လုပ်ကိုင်သော လုပ်သားများ၊ မီးသတ်သမားများ၊ အားကစားသမားများ၊ မုန့်ဖတ်လုပ်ငန်း လုပ်ကိုင်သူများနှင့် စားဖိုဆောင်အိုးသူကြီးများ၊ မိုင်းတွင်း လုပ်သားများ၊ ဥမင်လိုဏ်ခေါင်းနှင့် အလုံပိတ်နေရာများတွင် အလုပ်လုပ်ကိုင်ရသူ လုပ်သားများ၊ ဘွိုင်လာခန်းတွင် အလုပ်လုပ်ကိုင်သူလုပ်သားများ၊ စက်ရုံလုပ်သားများ၊ သံရည်ကျို လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူလုပ်သားများ၊ ဓာတ်ဆီနှင့် သဘာဝဓာတ်ငွေ့အရောင်းဆိုင်များတွင် အလုပ်လုပ်ကိုင်သူ ဝန်ထမ်းများ၊ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်သူ လုပ်သားများနှင့် သင်္ဘောကျင်းတွင် အလုပ်လုပ်ကိုင်သူ လုပ်သားများအနေဖြင့် ကျန်းမာရေးကို အထူးဂရုပြုနေထိုင်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။
နွေရာသီနှင့် ရာသီဥတုပူပြင်းသော အချိန်ကာလများတွင် အပူဒဏ်ကြောင့် ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဆားဓာတ်များ ဆုံးရှုံးမှုများပြားကာ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နုံးချည့်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်၍ ကိုယ်အပူချိန်တက်ခြင်း၊ အတက်ရောဂါဖြစ်ပွားခြင်း၊ သတိလစ် ခြင်းတို့အပြင် အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေအထိ ဖြစ်တတ်သည်။ သို့ဖြစ်၍ အပူဒဏ်ကြောင့် မလိုလား အပ်သော အကျိုးဆက်များမဖြစ်ပေါ်စေရေးအတွက် အောက်ပါအချက် အလက်များကို လိုက်နာကြရန် နှိုးဆော်အပ် ပါသည်။
(၁)နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီး ခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ်စသည်တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်၍ အရိပ်ရအေးမြသော နေရာများတွင် နေပါ။
(၂)နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းမှ ရှောင်ကြဉ်ပါ။
(၃)နေပူထဲနှင့် အပူချိန်ပြင်းထန်သော နေ့ခင်းအချိန်များတွင် ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်သင့်ပါ။
(၄)နေ့ခင်းအချိန်၊ အမိုးအကာမရှိသော နေရာများတွင် ကာလရှည်ကြာစွာ လုပ်ငန်းဆောင်ရွက်ရသူများနှင့် အပူနှင့် ထိတွေ့ရသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသော လုပ်သားများအနေဖြင့် အပူ ချိန်ပြင်းထန်သောအချိန်တွင် အရိပ်ရအေးမြသော နေရာများ၌ အနားယူသင့်ပါသည်။
(၅)ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကလေးဂေဟာများနှင့် နေ့ကလေးထိန်းကျောင်းများ အနေဖြင့် အဆောက်အအုံများအား လေဝင်လေထွက် ကောင်းအောင် စီစဉ်ဆောင်ရွက်ပါ။ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ကာကွယ်ကုသနိုင်ရန် အစီအမံများ ချမှတ်ပါ။
(၆) အပူချိန်ပြင်းထန်သော နေ့ခင်းအချိန်ကာလတွင် ခရီးသွားခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
(၇) အရက်သောက်ခြင်းသည် အပူဒဏ်အန္တရာယ်ကို ဖြစ်ပေါ်လွယ်စေခြင်းနှင့်ဖြစ်ပွားပါက ပြင်းထန် စွာခံစားရခြင်းတို့ကြောင့် အထူးရှောင်ကြဉ်ပါ။
(၈)နေ့ခင်းဘက်အပြင်ထွက်သည့်အခါတိုင်း အရိပ်လုံလောက်စွာရရှိနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းပါ။
(၉)အဖြူရောင် သို့မဟုတ် အရောင်ဖျော့သော ပွပွချောင်ချောင်ချည်ထည်များကို ဝတ်ဆင်ပါ။
(၁၀)ခန္ဓာကိုယ်အတွင်း ရေနှင့်ဆားဓာတ်များ ဆုံးရှုံး မှုမဖြစ်ပေါ်စေရန် ရေနှင့် ဓာတ်ဆားရည် သောက်သုံးပါ။
(၁၁)ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံ ရှိသူများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အို များအနေဖြင့် နေ့လယ်နေ့ခင်းတွင်အရိပ်ရ၍ လေဝင်လေထွက်ကောင်းသော နေရာမျိုး၌ နားနေပါ။
(၁၂)ကိုယ်အပူချိန်တက်ပါက ရေအေးဖတ် နိုင်နိုင်တိုက်ပါ။ ကိုယ်အပူချိန်အမြန်ကျဆင်းလာစေရန် လည်ပင်း၊ ချိုင်းကြား နှစ်ဖက်နှင့် ပေါင်ခြံနှစ်ဖက် စုစုပေါင်းငါးနေရာတွင် ရေအေးဖတ်ကိုကပ်ပါ။ ရေများများသောက်ခိုင်းပါ။
(၁၃)အပူဒဏ်ကြောင့် နုံးချည့်ခြင်း၊ ကြွက်တက်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ အတက်ရောဂါဖြစ်ပွားခြင်းနှင့် သတိလစ်ခြင်းများ ဖြစ်ပေါ်ပါက အသက်အန္တရာယ်ရှိနိုင်၍ နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက် ပြသကုသရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များကို ဂရုပြုလိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
မေယု-မျိုးအောင်(MANA)