ရန်ကုန် ၃၀ ဧပြီ
မေလနှင့်ဇွန်လအတွင်း အချက်အလက်မှန်ကန်စွာဖြင့် ဆင်းမ်ကတ်မှန်ပုံတင်ခြင်းကို မပြုလုပ်ထားသော ဆင်းမ်ကတ်များအား အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ MPT ရုံးချုပ်မှ သိရသည်။
“MPT သုံးစွဲသူအားလုံး အနေနဲ့ပြည့်စုံ မှန်ကန်တဲ့ တရားဝင်အမည်နဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်တို့ကိုဖြည့်စွက်ပြီး ဆင်းမ်ကတ်မှတ်ပုံတင်ဖို့လိုအပ်တာကြောင့် နေရာဒေသမရွေး လွယ်ကူမြန်ဆန်စွာ လုပ်ဆောင်နိုင်ဖို့သုံးစွဲသူတွေရဲ့အိမ်ကနေ လည်းမှတ်ပုံတင်လို့ရတဲ့ရိုးရှင်းတဲ့ အွန်လိုင်းကနေ တစ်ဆင့်ပြုလုပ်လို့ရတဲ့ ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးထားပါတယ်” ဟု MPT-KSGM JO မှ Mr.Tetsunori Nagashima က ပြောသည်။
ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းသည် ဥပဒေအရ အမှန်တကယ်လိုအပ်ပြီး ဆင်းမ်ကတ်များစွာ ကိုင်ဆောင်ထားသူများကြောင့် မိုလ်ဘိုင်းဖုန်းနံပါတ်များ ရှားပါးမှုကို ရှောင်ရှားနိုင်ရန်နှင့် ရာဇဝတ်မှုများ ကျူးလွန်ထားသော မသမာသူများကို တားဆီးခြေရာခံနိုင်ရန်အတွက် ကမ္ဘာတစ်ဝန်းရှိ ဆက်သွယ်ရေး အော်ပရေတာများ လက်ရှိကျင့်သုံး လုပ်ဆောင်လျက်ရှိသည့် နိုင်ငံအတွက်အရေးကြီးကိစ္စတစ်ရပ်လည်း ဖြစ်သည်။ ဆက်သွယ်ရေး ဝန်ဆောင်မှုများ အသုံးပြုရာတွင် မျှော်လင့်မထားသော နှောက်ယှက်မှုများမှ ရှောင်ရှားနိုင်ရန် အတွက် အသုံးပြုသူတိုင်းသည် ဆင်းမ်ကတ်မှတ်ပုံတင်ရာ၌ တိကျသော ကိုယ်ရေးအချက်အလက်များနှင့်မှ တ်ပုံတင်ရန်လည်း အရေးကြီးကြောင်း သိရသည်။
MPT SIM Card မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍ လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage တွင်ဝင်ရောက် ကြည့်ရှု လေ့လာနိုင်ကာ *601# သို့ ဖုန်းခေါ်ဆိုခြင်း(သို့မဟုတ်) MPT4 U အက်ပလီကေးရှင်းမှ တစ်ဆင့်(သို့မဟုတ်) MPT ၏ Customer self-care ဝက်ဘ်ဆိုက်ဖြစ်သည့် http://care.mpt.com.mm မှ လည်းကောင်း သတ်မှတ်ထားသည့် နည်းလမ်းများမှ တစ်ဆင့် အခမဲ့စာရင်းသွင်း မှတ်ပုံတင်နိုင်ပြီး ၂၀၂၀ ပြည့်နှစ်၊ မေလ(၁) ရက်မှစ၍ ဆင်းမ်ကတ်(၂)ကတ်ထက်ပို၍ မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များနှင့် အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း မရှိသည့် ဆင်းမ်ကတ်များသည် အထွက်ဖုန်းခေါ်ဆိုခြင်း၊ SMS စာတိုပို့ခြင်းနှင့် အင်တာနက်အစရှိသော MPT ၏ ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်မဟုတ်ဘဲ Call Center 106 သို့ ဖုန်းခေါ်ဆိုခြင်းမှလွဲ၍ One Way Blocked အနေဖြင့် အဝင်ဖုန်း လက်ခံခြင်းကိုသာ ပြုလုပ်နိုင်မည်သည်။
ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (PTD) ၏ ညွှန်ကြားချက်များအရ မိုလ်ဘိုင်းဖုန်း အသုံးပြုသူတို့ အနေဖြင့် မိမိတို့ဆင်းမ်ကတ်များကို ဝယ်ယူပြီးချိန်မှစ၍ မှတ်ပုံတင်ရန်လိုအပ်ပြီး MPT အနေဖြင့် ပြည့်စုံမှန်ကန်သော အချက်အလက်များဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း မပြီးမြောက်သေးသော သုံးစွဲသူများအား သတ်မှတ်ထားသော နောက်ဆုံးရက်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီ လ(၃၀)ရက်မတိုင်မီ တိကျမှန်ကန်သော ကိုယ်ရေးအချက်အလက်များဖြင့် စာရင်းသွင်းလုပ်ဆောင်ရန် အလေးအနက်ထားတိုက်တွန်းပြီး ဖြစ်ကြောင်းနှင့် မေလနှင့်ဇွန်အတွင်း အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းမရှိသော ဆင်းမ်ကတ်များကိုအပြီး ပိတ်သိမ်းသွားရန် ထုတ်ပြန်ထားကြောင်း သိရသည်။
သန်းထိုက်
Photo-MPT Facebook


