နေပြည်တော်၊ ၂၆ ဇန်နဝါရီ

 

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၃၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

 

အစည်းအဝေးသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟို ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးလုပ်ကိုင်ရန် သင့်တော်သော မြေလွတ်၊ မြေရိုင်းများကို စိုက်ပျိုးမြေအဖြစ် ဖော်ထုတ်လုပ်ကိုင်မည့်သူများ၊ အဖွဲ့အစည်းများကို အားပေးကူညီကြရမှာဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံတော်၏ စက်မှုစီးပွားလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် မြေလွတ်၊ မြေရိုင်းများ အသုံးပြုနိုင်ခွင့်ရရှိရေးကိုလည်း ပံ့ပိုးဆောင်ရွက်သွားကြရမှာဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင်လည်း ဒေသခံလူထုနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ သတ်မှတ်မြေများ၊ အများပြည်သူနှင့် တိုင်းရင်းသားများဆိုင်ရာ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့အတွက် လက်ရှိအသုံးပြုထားသည့်မြေများ ပါဝင်မှုမရှိစေရေးအတွက် အထူးဂရုပြု စိစစ်ဆောင်ရွက်ပေးသွားကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန်ခွဲရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းများအား ဖတ်ကြားတင်ပြရာ ကော်မတီဥက္ကဋ္ဌနှင့် အစည်းအဝေး တက်ရောက်လာကြသူများက အကြောင်းအရာ တစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ကြသည်။

 

ယနေ့အစည်းအဝေးတွင် ယခုအစိုးရကာလ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသည့် အမှုတွဲများ စိစစ်တင်ပြခြင်း ကိစ္စရပ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအရ ပြန်လည်စိစစ်ရန် အကြောင်းကြားထားခြင်းအပေါ် ပြန်လည်တင်ပြလာသည့် ကိစ္စရပ်များ၊ ယခုအစိုးရကာလ သက်ဆိုင်ရာဝန်ကြီးဌာနများမှ သဘောထားမှတ်ချက် ပြန်ကြားလာသည့်အမှုတွဲများ စိစစ်တင်ပြခြင်း ကိစ္စရပ်၊ အစိုးရကခွင့်ပြုသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြု ထားမှုအပေါ် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ရှိ/မရှိ အခြေအနေများအား အထူးအဖွဲ့ဖြင့် စစ်ဆေးတင်ပြနိုင်ရေး ကိစ္စရပ်များနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင် ခွင့်၊ အသုံးပြုခွင့်လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာ တင်သွင်းခြင်းအား စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးကြသည်။

 

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဒေသခံအချို့၏ မိရိုးဖလာအရ အဆက်ဆက်လုပ်ကိုင် ဆောင်ရွက်နေသော မြေအချို့မှာ လုပ်ပိုင်ခွင့် လျှောက်ထားရယူထားခြင်းမရှိသဖြင့် ယနေ့အထိ မြေလွတ်၊ မြေရိုင်းများအဖြစ် စာရင်းပေါ်နေကြောင်း၊ သို့ဖြစ်ရာ လူပုဂ္ဂိုလ် တစ်ဦးချင်းသော် လည်းကောင်း၊ တစ်ဖွဲ့ချင်းသော်လည်းကောင်း လုပ်ပိုင်ခွင့် တရားဝင် ပိုင်ပိုင်နိုင်နိုင် ရရှိစေရန် လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားနိုင်ရေးအတွက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ပညာပေးလုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်