နေပြည်တော် ၂၉ စက်တင်ဘာ
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ အကြိမ်(၃၀)မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဗဟိုကော်မတီဝင် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် အတွင်းရေးမှူး ဦးသက်နိုင်ဦးတို့က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမမှ လည်းကောင်း၊ ကျန်ကော်မတီဝင်များက Zoom Application အသုံးပြု၍ အွန်လိုင်းမှလည်းကောင်း တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရန် အကြောင်းအရာများအလိုက် ဖတ်ကြားတင်ပြရာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်များက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် ဆွေးနွေးဆောင်ရွက်ကြသည်။
ယနေ့ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ အကြိမ်(၃၀)မြောက် အစည်းအဝေးတွင် မြေပြင်ကွင်းဆင်းလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာ တင်သွင်းခြင်းအား စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စ၊ ယခင် ဗဟိုအဖွဲ့က ခွင့်ပြုထားသည့် မြေလွတ်၊ မြေရိုင်းများအား ပြန်လည်အပ်နှံခွင့်ပြုပါရန် လျှောက်ထားလာခြင်းကိစ္စ၊ သတ်မှတ်ထားသော မြေယာဖော်ထုတ် လုပ်ငန်းဆောင်ရွက်ခွင့် ကာလ(၄)နှစ်အား သက်တမ်းတိုးခွင့်ပြုပေးပါရန် ပြန်လည်တင်ပြလာသည့် ကိစ္စရပ်များကိုလည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၂ (က)(၃)ပါ ပြဋ္ဌာန်းချက်အရ သတ်မှတ်ကာလ (၄)နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်သော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်ပုံစံ(၂)ဖြင့် လျှောက်ထားမှုကို ခွင့်ပြုပေးထားသည့် မွေးမြူရေးလုပ်ငန်း အသုံးပြုခွင့်ရရှိသူများနှင့် ပုံစံ(၃)ဖြင့် လျှောက်ထား၍ ခွင့်ပြုပေးထားသည့် ဓာတ်သတ္တုထုတ်လုပ်ခြင်း လုပ်ငန်းအသုံးပြုခွင့် ရရှိထားသူများအပေါ် အမှန်တကယ် ဖော်ထုတ်လုပ်ကိုင်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးရန်ကိစ္စ၊ ခွင့်ပြုမိန့်ပျောက်ဆုံးသွားပါ၍ ဒုတိယမိတ္တူ ပြန်လည်လျှောက်ထားခွင့်ပြုပါရန် ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးကြသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၂ (က) (၃) ပါ ပြဋ္ဌာန်းချက်အရ သတ်မှတ် (၄)နှစ်ကာလ ကျော်လွန်သည်အထိ လုပ်ကိုင်ဆောင်ရွက်နိုင်မှုမရှိပါက အဆိုပါ မြေဧရိယာများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပေးအပ်ထားသည့် စာရင်းမှ နှုတ်ပယ်ပြီး အဆိုပါ ဧရိယာများအလိုက် ပေးသွင်းထားသည့် အာမခံကြေး ငွေကိုလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း၊ အမှန်တကယ် ဖော်ထုတ်လုပ်ကိုင်ထားသည့် ဧရိယာများအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ(၁၄)ပါ ပြဋ္ဌာန်းချက်အတိုင်း လုပ်ငန်းအမျိုးအစားအလိုက် သင့်တင့်သည့် မြေခွန်တော်ကင်းလွတ် ခွင့်ပြုထားသည့် ကာလသတ်မှတ်ခြင်း၊ ထိုက်သင့်သော မြေခွန်တော်နှုန်းထားတစ်ရပ် သတ်မှတ်ကောက်ခံခြင်းများဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်