မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဇွန် ၂၇

 

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာအသုံးချမှုနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် မိမိတို့၏ ရေမြေသဘာဝကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးရေး ထုတ်ကုန်များ၊ တိရစ္ဆာန်မွေးမြူ‌ရေးလုပ်ငန်းများ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ပါက ၎င်းထွက်ကုန်များကို အခြေခံသည့် စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များလည်း တိုင်းဒေသကြီး ပြည်နယ်အသီးသီး၌ ပေါ်ထွန်းလာမည်ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ နိုင်ငံတစ်ဝန်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စနစ်တကျ စီမံခန့်ခွဲပြီး အမှန်တကယ် စိုက်ပျိုးမွေးမြူ လုပ်ကိုင်လိုသူများ အသုံးချနိုင်ရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည့် မြေများအား ပြန်လည်သိမ်းဆည်းနိုင်ရေးကို မိမိတို့ ဗဟိုကော်မတီနှင့် တိုင်းဒေသကြီး ပြည်နယ်ကော်မတီ အဆင့်ဆင့်တို့က စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ကော်မတီဝင်များ စုံညီစွာ တက်ရောက်ကြပြီး အတွင်းရေးမှူး ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများကို ဖတ်ကြားတင်ပြရာ အစည်းအဝေးတက်ရောက် လာကြသူများက အကြောင်းအရာ တစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ကြသည်။

 

ဗဟိုကော်မတီက သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၏ ထောက်ခံတင်ပြမှုများအပေါ် လုပ်ငန်းနှင့်သက်ဆိုင်သည့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၏ ထောက်ခံချက်များနှင့်အညီ ခွင့်ပြုချထားပေးလျက်ရှိရာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေး ပြီးဆုံးချိန်အထိ စိုက်ပျိုးရေးလုပ်ငန်းအတွက် မြေဧက(၆၀၀၀)ကျော်၊ မွေးမြူရေးလုပ်ငန်းအတွက် မြေဧက(၈၀၀)ကျော်၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် မြေဧက(၄၀၀)ခန့်နှင့် အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းအတွက် မြေဧက (၃၀၀၀) ကျော် စုစုပေါင်း မြေဧရိယာ ဧက(၁၁၀၀၀)ကျော်တို့ကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ပြီးဖြစ်သည်။ ၁၉၉၁ ခုနှစ်မှ ယနေ့အထိ မြေလွတ်၊မြေလပ်နှင့်မြေရိုင်း လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ဧက(၂၂)သိန်းကျော်ကို ခွင့်ပြုပေးခဲ့သည့်အနက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရယူထားသော်လည်း သတ်မှတ်ကာလအတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသည့်အတွက် လက်ရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ လက်ထက်တွင် ပြန်လည်သိမ်းဆည်းခဲ့ရသည့် ဧက(၂၄၀၀၀)ကျော် အပါအဝင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြန်လည်သိမ်းဆည်းခဲ့သည့်  ဧရိယာစုစုပေါင်းမှာ ဧက(၁၅)သိန်းကျော် ရှိပြီဖြစ်သည်။ ထို့အပြင် ၂၀၁၇-၂၀၁၈ ခုနှစ် မြေခွန် စတင်ကောက်ခံချိန်မှ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ တစ်ဆက်တည်း မြေခွန်စည်းကြပ် ကောက်ခံမှုအပေါ် မြေခွန်ပေးသွင်းခြင်းမပြုဘဲ ပျက်ကွက်နေမှုများကိုစိစစ်ပြီး မြေခွန်များအပြည့်အဝ ကောက်ခံရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်