နေပြည်တော်၊ ဧပြီ ၂၆
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယဥက္ကဌများ ဖြစ်ကြသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီဝင်များ စုံညီစွာ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ၏ “တိုးချဲ့မြို့ပြ စီမံကိန်းများ၊ စီးပွားရေးအထူး ဇုန်များ၊ စက်မှုဇုန်များကို စိုက်ပျိုးမြေများတွင် ဆောင်ရွက်ခြင်းမရှိအောင် ထိန်းသိမ်း ဆောင်ရွက်ရန်နှင့် စိုက်ပျိုးမြေများအား အခြားနည်းလမ်းများဖြင့် အသုံးမပြုနိုင်စေရန် ကြပ်မတ် ဆောင်ရွက်ရန်” ဟူသည့် လမ်းညွှန်ချက်နှင့် မြို့ပြစီမံကိန်းနှင့် အိုးအိမ်စီမံကိန်း များဖော်ဆောင်ရန် ရယူထားသော စီမံကိန်းမြေများအား အကောင်အထည်ဖော် ဆောင်ရွက် ခြင်းမပြုနိုင်ပါက မြေကိုအကျိုးရှိစွာ အသုံးချ၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်သွားရန်” လမ်းညွှန်ချက် များနှင့်အညီ မြေယာစီမံခန့်ခွဲမှုလုပ်ငန်းများကို စီမံဆောင်ရွက် လျက်ရှိကြောင်း။
အလားတူ ဒေသဝမ်းစာ ဖူလုံရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေ ခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြား စီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး အတွက်ကိုလည်း မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ ဖော်ထုတ်အသုံးပြုနိုင်ရေးအတွက် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း။
၂၀၁၂ ခုနှစ် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ မတိုင်မီကာလ အထိ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းလုပ်ပိုင်ခွင့် ဧရိယာ ဧက(၂၂)သိန်းကျော် ချထားပေးခဲ့ သော်လည်း လက်တွေ့အသုံးချလုပ်ကိုင်နိုင်မှုမှာ(၂၉)ရာခိုင်နှုန်းခန့်သာ ဆောင်ရွက်ခဲ့သဖြင့် ၂၀၁၆ခုနှစ်တွင် စစ်ဆေးမှုများပြုလုပ်ပြီး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသည့်မြေများကို နိုင်ငံတော်က ပြန်လည်သိမ်းဆည်းမှုများ ဆောင်ရွက်နေကြောင်း၊၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ ပြဌာန်းပြီးနောက်ပိုင်း လုပ်ပိုင်ခွင့်အသုံးပြုခွင့်ပေးထားခဲ့သည့် ဧရိယာ ဧက(၃ ဒသမ ၉)သိန်းခန့် အပေါ်ရှိ လုပ်ငန်း အကောင် အထည်ဖော်ရန် ခွင့်ပြုထားသည့် သတ်မှတ်ကာလ ပြည့်မြောက်ပြီဖြစ်သည့် ဧရိယာများကိုလည်း မူလလျှောက်ထားစဉ်က တင်ပြထားသည့် လုပ်ငန်းများကို စည်းကမ်း ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မှု ရှိ/ မရှိ စိစစ်အရေးယူဆောင်ရွက်ရန် တည်ဆဲ ဥပဒေစည်းမျဉ်းစဉ်းကမ်းများအတိုင်း အထူးအဖွဲ့များဖွဲ့စည်းပြီး တိကျစွာစစ်ဆေး ဆောင်ရွက်ကြရန် လိုကြောင်း၊ အလားတူ ၂၀၁၇-၁၈ခုနှစ်မှ ၂၀၂၁-၂၂ ခုနှစ်အထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိထားသူများ ပေးသွင်းရန်ကျန်ရှိနေသည့် မြေခွန်များကို မြန်မာ့ စီးပွားရေးဘဏ်သို့ ပေးသွင်းနိုင်ရေး ကိစ္စရပ်များကိုလည်း အမြန်ဆုံး ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းများကို အစည်းအဝေး တက်ရောက်သူများက လုပ်ငန်းတစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ကြခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)