နေပြည်တော် နိုဝင်ဘာ ၁၀
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအပေါ် လုပ်ကိုင်ခွင့်ရရှိထားသူများအနေဖြင့်လည်း ယင်းမြေကို လွှဲပြောင်းခြင်း ရောင်းချပေါင်နှံခြင်းများ ဆောင်ရွက်ခွင့်မရှိပဲ သတ်မှတ်ချက်များနှင့်အညီ အကျိုးရှိ ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် လိုအပ်သည့်ထိန်းကျောင်းကြပ်မတ်မှုများကို ဆောင်ရွက်သွားရန် လိုကြောင်း ယနေ့နံနက်ပိုင်းက ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် တတိယအကြိမ်မြောက် ကျင်းပပြုလုပ်သည့် အဆိုပါ အစည်းအဝေးသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်ကြီး၊ ဦးသန်းအောင်ကျော်နှင့် ဗဟိုကော်မတီဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ယနေ့အစည်းအဝေးတွင် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံများ၊ မြေယာမဲ့ နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးတို့အတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားလာသည့် ပြည့်စုံသောအမှုတွဲများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ သဘောထားမှတ်ချက် ပြန်ကြားလာသည့် လုပ်ငန်းစာတွဲများဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဗဟိုကော်မတီသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၈-က(ခ)အရ အယူခံဝင်ရောက် လာခြင်း ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိမှုများအပေါ် သတ်မှတ် ကာလ (၄) နှစ်ပြည့် မြောက်ပြီးချိန်အထိ မြေပြင်တွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ပြန်လည်သိမ်းဆည်းရန်အတွက် အထူးအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းပေးရန်နှင့် လုပ်ပိုင် ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာတင်သွင်းခြင်းအားစိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ကို လုပ်ပိုင်ခွင့်၊ အသုံးပြု ခွင့်ရရှိသူက လိုက်နာရန် စည်းကမ်းချက်တွင် စတင်ခွင့်ပြုသည့်နေ့မှစ၍ “(၄)နှစ်အတွင်း ပထမနှစ်တွင် (၁၅) ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် (၃၀) ရာခိုင်နှုန်း၊ တတိယနှစ်တွင် (၃၀) ရာခိုင်နှုန်းနှင့် စတုတ္ထနှစ်တွင် (၂၅) ရာခိုင်နှုန်းဖြင့် ရာခိုင်နှုန်းပြည့်လုပ်ငန်းပြီးစီး သည်အထိ ဖော်ထုတ်လုပ်ကိုင်ရမည်ဖြစ်ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ သည် နိုင်ငံတော်က စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအမျိုးအစား ဖြစ်၍ အဆိုပြု လျှောက်ထားခဲ့သူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထံသို့ ပိုင်ဆိုင်မှုပေးအပ်ထားခြင်းမဟုတ်ပဲ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးအပ်ခြင်းသာ ဖြစ်သည်။ သို့ရာတွင် သတ်မှတ်ခွင့်ပြုထားသော စိုက်ပျိုးရေးလုပ်ငန်းများကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးစီးပါက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း အမျိုးအစားမှ သက်ဆိုင်ရာ စိုက်ပျိုးမြေအမျိုးအစားများသို့ ပြောင်းလဲခြင်းကို ဆောင်ရွက်နိုင်ပြီး ဥပဒေနှင့်အညီ လွှဲပြောင်းရောင်းချပေါင်နှံခွင့်များ ရရှိလာနိုင်မည် ဖြစ်သည်။
၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ ပေါ်ထွန်းလာချိန်မတိုင်မီ ကာလအထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧရိယာပေါင်း (၂၂ ဒသမ ၁၉) သိန်းကျော်ကို လုပ်ပိုင်ခွင့်အတွက် ခွင့်ပြုချထား ပေးခဲ့ကြောင်း၊ အဆိုပါ ခွင့်ပြုချထားပေးမှုအား ၂၀၁၆ ခုနှစ်၌ ပြန်လည် စိစစ်ချိန်တွင် ဧရိယာ(၆ ဒသမ ၅)သိန်းကျော်သာ အမှန်တကယ် အကောင်အထည်ဖော်လုပ်ကိုင်နေသည်ကို တွေ့ရှိရသဖြင့် လုပ်ပိုင်ခွင့်ပြုထား သော စုစုပေါင်း ဧရိယာ၏ (၂၉)ရာခိုင် နှုန်းခန့်သာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းလုပ် ကိုင်ဆောင်ရွက်ထားခြင်း မရှိသည့် ဧရိယာများကို နိုင်ငံတော်က ပြန်လည်သိမ်းဆည်းခဲ့ရ ကြောင်း၊ အလားတူ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်ရရှိထားသော ဧရိယာများအပေါ် သတ်မှတ်အချိန်ကာလ ပြည့်မြောက်ချိန်အထိ အကောင်အထည်ဖော် ဆောင်ရွက် ရန်ပျက်ကွက်နေမှုများကို ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြေအား လက်ဦးမှုရယူလိုမှုအတွက်သာ ဆောင်ရွက်ခြင်းနှင့် ရောင်းကုန် သဖွယ် ရောင်းချခြင်း၊ ပေါင်းနှံ ခြင်း၊ အငှားချထားခြင်း ၊ ခွဲစိတ်ခြင်း စသည့် လွှဲပြောင်းမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှုမဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


