ဝမ်းတွင်း ၁၃ ဇန်နဝါရီ

 

ဝမ်းတွင်းမြို့နယ်တွင် ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မြွေများ ဝယ်ယူရောင်းချနေကြောင်း သတင်းအရ ရှာဖွေရာမှ လင်းမြွေ ၂၃ ကောင်နှင့်အတူ အမျိုးသမီးနှစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဝမ်းတွင်းမြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ လင်းမြွေများအား ဝယ်ယူရောင်းချနေကြောင်း သတင်းအရ ဝမ်းတွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောမြို့နယ်ဦးစီးဌာနမှူး ဦးဖြိုးဝေ၊ တောအုပ် ဦးမျိုးလွင်နှင့် သစ်တောဝန်ထမ်းများ၊ ဝမ်းတွင်းမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်စွာလင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ နတ်နန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်စိုးနှင့် သက်သေများမှ ဝမ်းတွင်းမြို့နယ် နတ်နန်းကျေးရွာနေ ဒေါ်ခင်ဝိုင်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေစစ်ဆေးရာ ဒေါ်ခင်ဝိုင်း၏ နေအိမ်အတွင်းမှ လင်းမြွေ (၈)ကောင်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ထို့နောက် နတ်နန်းကျေးရွာ ရွာလယ်လမ်းမအတိုင်း ထွက်လာစဉ် ၎င်းကောင်းလမ်းပေါ်တွင် ဝမ်းတွင်းမြို့ ဂုဏ်ရွာကျေးရွာနေ  ဒေါ်ယဉ်ဌေးအား လက်ဆွဲခြင်းတောင်းနှင့်အတူ ထပ်မံတွေ့ရှိ၍ ရှာဖွေရာ ဒေါ်ယဉ်ဌေး လက်စွဲခြင်းတောင်းအတွင်းမှ လင်းမြွေ (၁၅)ကောင်အား ထပ်မံတွေ့ရှိခဲ့ကြောင်း ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ် ဇေယျာမိုးမြင့်ထံမှ သိရသည်။

 

တောရိုင်းတိရစ္ဆာန်များဖြစ်သည့် လင်းမြွေများအား ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားရှိသူ ဒေါ်ခင်ဝိုင်း (၄၂)နှစ်နှင့် ဒေါ်ယဉ်ဌေး (၃၅)နှစ်တို့အား တောအုပ်ဦးမျိုးလွင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ပြီး ဒုရဲအုပ် ကျော်စွာလသ်းမှ စစ်ဆေးကာ ဝမ်းတွင်းမြို့မရဲစခန်းမှ (ပ)၁၁/၂၀၁၉ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၃၉(က)အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)