မေးမြန်းဖြေကြားလူမှုစီးပွား

၁ သြဂုတ်

 

ကျွန်တော်တို့တစ်တွေဟာ မနက်ခင်းမိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်တာနဲ့ ဘယ်အချိန်ရှိပြီလဲဆိုတဲ့မေးခွန်းနဲ့  နေ့သစ်တစ်နေ့ကို စတင်ရလေ့ရှိပါတယ်။ ထို့အတူပဲ မနက်စာဘာစားရမလဲ။ စတီးချိုင့်ထဲမှာ  အမေဘာဟင်းထည့်ပေးလိုက်သလဲ။  ဘယ်လိုင်းကားစီးရမလဲစသဖြင့်  မေးခွန်းပေါင်းများစွာနဲ့နေ့စဉ်ဘဝကို  ဖြတ်သန်းကြရတာပါ။  ဒီမေးခွန်းတွေအပေါ်မူတည်ပြီးတော့ အဖြေရတာချင်းလည်း မတူညီကြပါဘူး။

 

နေရာတစ်ခုဖန်တီးပေးနိုင်ဖို့လည်း လိုအပ်လာ

 

တချို့မေးခွန်းတွေက ဖြေပေးမယ့်သူ လွယ်လွယ်ကူကူရနိုင်တယ်။ တချို့မေးခွန်းတွေအတွက် ဘယ်မှာအဖြေရနိုင်မလဲဆိုတာ အဖြေပေးနိုင်မယ့်သူကိုရှာပြီး မေးရပါတယ်။ ဒီအခါမှာ လူတွေရဲ့ သိချင်တဲ့မေးခွန်းတွေအတွက်ဖြေပေးဖို့ မီဒီယာရဲ့အခန်းကဏ္ဍဟာ အရေးပါလာပါတယ်။ သတင်းမီဒီယာ အလုပ်လုပ်ကြတဲ့သူတွေဟာ အများပြည်သူတွေသိချင်နေတဲ့ မေးခွန်းတွေကို ကိုယ်စားမေးပေးကြပြီး သတင်းအဖြစ်၊ ဆောင်းပါးအဖြစ် မီဒီယာပလက်ဖောင်း မျိုးစုံကနေ ကြားခံမေးပေးရတဲ့အလုပ်ကို လုပ်ကြရတာပါ။ ဒါပေမယ့် သိလိုတဲ့မေးခွန်းတွေက နေ့စဉ်နဲ့အမျှများပြားလွန်းတဲ့အတွက် အများပြည်သူတွေအတွက်  ကြားခံမေးပေးရတာအပြင်  ပရိသတ်ကိုယ်တိုင်၊  ပြည်သူလူထုကိုယ်တိုင်  ပါဝင်မေးမြန်းလို့ရအောင်    နေရာတစ်ခုဖန်တီးပေးနိုင်ဖို့လည်း လိုအပ်လာပါတယ်။

 

ဒီလိုဖန်တီးပေးတဲ့နေရာမှာ ကမ္ဘာကျော်မီဒီယာတစ်ခုဖြစ်တဲ့ BBC ရဲ့ Question Time အစီအစဉ်ဟာ အင်မတန်မှအောင်မြင်တဲ့ အစီအစဉ်တစ်ခုအဖြစ် မြင်ရမှာပါ။ မြန်မာနိုင်ငံမှာရှိတဲ့   ရုပ်သံမီဒီယာတွေဘက်ကို ပြန်ကြည့်လိုက်တဲ့အခါမှာ လူထုကိုယ်တိုင်ပါဝင်နိုင်တဲ့ သီချင်းတောင်းကဏ္ဍ၊ မွေးနေ့ဆုတောင်းကဏ္ဍတွေဟာ ဖုန်းအဆက်မပြတ်ခေါ်ကာ လုပြီးတောင်းဆိုရတဲ့  အနေအထားမျိုးတွေကို    မြင်တွေ့ရခြင်းအားဖြင့်  လူတွေဟာ    ရုပ်သံအစီအစဉ်တွေမှာ ကိုယ်တိုင်ပါဝင်ရတာကို နှစ်သက်တယ်ဆိုတာ သက်သေပြနေသလိုပါပဲ။

 

ဒီလိုအခြေအနေတွေကြောင့် မြန်မာပြည်ရဲ့ သက်တမ်းအရှည်ကြာဆုံး (ပြန်ကြားရေးဝန်ကြီးဌာနရဲ့)  မြန်မာ့ရုပ်မြင်သံကြားမှာ  လူထုပါဝင်နိုင်တဲ့အစီအစဉ်တွေကို ပြန်ကြည့်လိုက်တော့ တစ်ချိန်က အရမ်းခေတ်စားခဲ့တဲ့ “ဆိုကြမယ်ပျော်ကြမယ်”ကစလို့ ကလေးတွေပါဝင်ယှဉ်ပြိုင်ရတဲ့ ချစ်စရာ့အရွယ်ကစားကြမယ်အစီအစဉ်၊ ပဟေကျပ်ဠိအစီအစဉ်တွေ၊ စကားဝိုင်းအစီအစဉ်တွေဟာ ပြည်သူလူထုကိုယ်တိုင် ပါဝင်ခွင့်ရတဲ့အစီအစဉ်တွေအဖြစ် နာမည်ကြီးပါတယ်။

 

အထူးအစီအစဉ်တစ်ခုကို မိတ်ဆက်

 

ဒီလိုအစီအစဉ်တွေထဲမှာ      မြန်မာ့ရုပ်မြင်သံကြားရဲ့  “လူမှုစီးပွား မြင်ကွင်းများ” အစီအစဉ်ဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ လူထုကြားက နေ့စဉ်ဖြစ်ပေါ်ပြောင်းလဲမှုတွေကို တင်ဆက်ပေးနေတဲ့မိနစ်  ၂၀  စာ  အပတ်စဉ်အစီအစဉ်တစ်ခု  ဖြစ်ပါတယ်။  မိနစ်  ၂၀  စာအစီအစဉ်မှာ စီးပွားရေးသတင်းတွေ၊ ဗီဒီယိုသတင်းဆောင်းပါးတွေနဲ့ အင်တာဗျူး အစီအစဉ်တွေ ပါဝင်ပါတယ်။  ဒီအစီအစဉ်ကနေပြီးတော့  ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလကစလို့ နေ့စဉ်လူမှုစီးပွားကိစ္စရပ်တွေမှာ ပြည်သူလူထုပါ ပါဝင်ဆွေးနွေးနိုင်မယ့် “မေးမြန်းဖြေကြားလူမှုစီးပွား”လို့ အမည်ပေးထားတဲ့အထူးအစီအစဉ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။

 

အစိုးရတာဝန်ရှိသူတွေ၊ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူတွေနဲ့ ပြည်သူတွေကိုယ်တိုင် တွေ့ဆုံမေးမြန်းနိုင်တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်သံအစီအစဉ်တော်တော်များများမှာ  ဖျော်ဖြေရေး အစီအစဉ်တွေကလွဲလို့ ပရိသတ်ဖြစ်တဲ့ ပြည်သူတွေကိုယ်တိုင် ပါဝင်ခွင့်ရတဲ့အစီအစဉ်ဟာ များများစားစားမရှိပါဘူး။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လူငယ်တွေနဲ့ စကားဝိုင်းဟာ ပြည်သူတွေကိုယ်တိုင်ပါဝင်ခွင့်ရပြီး ပရိသတ်အကြည့်များတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် လူထုပါဝင်ဆွေးနွေးနိုင်မယ့် (Participatory Content Program) ဖန်တီးနိုင်ဖို့ မြန်မာ့ရုပ်မြင်သံကြားရဲ့ “လူမှုစီးပွား မြင်ကွင်းများ” အစီအစဉ် ထုတ်လွှင့်တဲ့ အဖွဲ့သားတွေဟာ “မေးမြန်းဖြေကြား လူမှုစီးပွား” အထူးအစီအစဉ်ကို  မွေးဖွားပေးနိုင်ဖို့   ကြိုးပမ်းအားထုတ်ခဲ့ကြပါတယ်။

 

လအလိုက်  ပြည်သူတွေရဲ့  နေ့စဉ်လူမှုဘဝထဲမှာ  လူပြောများနေတဲ့ကိစ္စရပ်တွေအပေါ် အခြေခံပြီး အဖြေတစ်ခုထွက်လာနိုင်ဖို့ အဖြေဝိုင်းထုတ်နိုင်ဖို့ အကြောင်းအရာပိုင်းကို စဉ်းစားကြရပါတယ်။ အကြောင်းအရာရပြီဆိုတော့မှ ဒီအကြောင်းအရာအပေါ် ဖြေကြားပေးမယ့် အစိုးရပိုင်းက တာဝန်ရှိသူ၊ ကျွမ်းကျင်သူတွေကိုဖိတ်ခေါ်ပြီး စိတ်ပါဝင်စားကြတဲ့ပြည်သူတွေ လာရောက်မေးမြန်းနိုင်အောင် စီစဉ်ပေးတာဖြစ်ပါတယ်။

 

“မေးမြန်းဖြေကြား  လူမှုစီးပွား’’  အစီအစဉ်ကိုတော့  လစဉ်လတိုင်း ပထမအပတ်မှာ “လူမှုစီးပွားမြင်ကွင်းများ”အစီအစဉ်ကနေ အထူးအစီအစဉ်အနေနဲ့  ထုတ်လွှင့်ပေးနေတာပါ။  ပြီးခဲ့နှစ်  စက်တင်ဘာလကစလို့  လစဉ်ထုတ်လွှင့်ခဲ့ရာမှာ အခုဆိုရင် ဒီအစီအစဉ်ဟာ အစီအစဉ်ပေါင်း ၁၀ ခုကျော်ရှိလာပြီဖြစ်ပါတယ်။  ဒီအစီအစဉ်မှာ  မေးမြန်းဖြေကြားခဲ့ကြတဲ့  အစီအစဉ်တွေကိုပြန်ကြည့်မယ်ဆိုရင် ပြည်သူတွေကို အစိုးရကဝန်ဆောင်မှုပေးနေပေမယ့် လူသိနည်းနေသေးတဲ့ လူမှုဖူလုံရေးအာမခံစနစ်အကြောင်း၊  ပြည်သူတွေရဲ့ရပိုင်ခွင့်တွေမဆုံးရှုံးရအောင်  ကာကွယ်ပေးနေတဲ့  စားသုံးသူအခွင့်အရေးအကြောင်း မေးမြန်းကြတဲ့အစီအစဉ်၊ ပြည်သူလို့ပြောရင် ချန်ထားလို့မရတဲ့မသန်စွမ်းတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းအကြောင်းတွေကို အစောပိုင်းမှာ တင်ဆက်ထုတ်လွှင့်ခဲ့ပါတယ်။

 

ပြည်သူတွေ တိုက်ရိုက်မေးမြန်းလို့ရအောင် ထုတ်လွှင့်

 

အဲဒီနောက်တော့ စပါးအခြေခံဈေးနှုန်းသတ်မှတ်တဲ့ အချိန်မှာလည်း တောင်သူတွေအနေနဲ့  သက်ဆိုင်ရာတာဝန်ရှိသူတွေကို မေးမြန်းနိုင်အောင်လို့ စပါးအခြေခံဈေးနှုန်းအကြောင်း ရွေးချယ်တင်ဆက်ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ အားလုံးစိုးရိမ်ထိတ်လန့်နေကြတဲ့  တစ်သောင်းတန်အတုကိစ္စဟာလည်း  လူပြောများတဲ့ အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်လာပါတယ်။ ဒီအခါမှာလည်း  လူမှုစီးပွားအဖွဲ့သားတွေဟာ  ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကိုလျစ်လျူမရှုဘဲ “မေးမြန်းဖြေကြား လူမှုစီးပွား” အစီအစဉ်ကနေ ပြည်သူတွေတိုက်ရိုက်မေးမြန်းလို့ရအောင် စီစဉ်ထုတ်လွှင့်ခဲ့ပါတယ်။

 

တစ်သောင်းတန် အတု၊ အစစ် ဘယ်လိုခွဲကြမလဲ။ လက်ဝယ်တွေ့ရှိရင်အရေးယူခံရမလား။ ဘဏ်မှာသွားအပ်ရင် ရသလား။ ဒါတွေကိုမေးမြန်းဖြေကြား ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုအကြောင်းအရာတွေအပြင် စားသုံးသူပြည်သူတွေအတွက် ကျန်းမာရေးထိခိုက်စေတဲ့ ဆီအတုတွေကိုဖြေရှင်းဖို့ ဘယ်လိုလုပ်ကြမလဲဆိုတာ ဆွေးနွေးခဲ့ကြသလို၊ သင်္ကြန်အချိန်အခါရောက်လာပြန်တော့လည်း  နှစ်စဉ်ဖြစ်လေ့ရှိတဲ့  ကားလက်မှတ်  ဈေးနှုန်းကြီးမြင့်တာ၊  ဝယ်မရတဲ့ပြဿနာတွေအတွက်  အဝေးပြေးယာဉ်လိုင်းပိုင်ရှင်၊  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့(YRTA)တို့ကို ဖိတ်ခေါ်ပြီး ပြည်သူတွေနဲ့အတူ မေးမြန်းအဖြေရှာခဲ့ကြပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ ပြည်သူတွေအနေနဲ့ အခွန်ဆောင်ရင် အချိန်ကုန်သက်သာအောင် ဘဏ်စနစ်ကနေ ဘယ်လိုပေးဆောင်ကြမလဲဆိုတာတွေကိုလည်း မေးမြန်း ဆွေးနွေးခဲ့ကြပါတယ်။

 

လာရောက်မေးမြန်းနိုင်သလို တာဝန်ရှိသူတွေအနေနဲ့ဖြေကြားပေးဖို့ ဖိတ်ခေါ်


“မေးမြန်းဖြေကြားလူမှုစီးပွား” အစီအစဉ်နဲ့ပတ်သက်လို့ လာရောက်ဖြေကြားပေးတဲ့ မြန်မာစားသုံးသူများသမဂ္ဂရဲ့ အတွင်းရေးမှူး ဦးမောင်မောင်ကတော့ “အခုလို ပြည်သူကိုတိုက်ရိုက်ဖြေကြားပေးရတဲ့အတွက် ပွင့်လင်း လွတ်လပ်စွာ ပြောဆိုနိုင်ပြီး ထိရောက်တဲ့ အစီအစဉ်ဖြစ်ပါတယ်” ဟုဆိုပါတယ်။ ဒီအစီအစဉ်ကို ရိုက်ကူးထုတ်လွှင့်နေတဲ့ မြန်မာ့ရုပ်မြင်သံကြားရဲ့လူမှုစီးပွားအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ထုတ်လုပ်ရေးမှူး  မဇင်သော်စန်းကတော့ ”တချို့အကြောင်းအရာတွေအတွက် တာဝန်ရှိသူတွေ ဖိတ်ကြားထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မလာဖြစ်ဘူးဆိုရင် မေးမြန်းမယ့်ခေါင်းစဉ်ကို ချက်ချင်းချိန်းနိုင်ဖို့ စီစဉ်ရတာ  စိန်ခေါ်မှုတစ်ခုပါ။ ဒါပေမယ့် ပြည်သူတွေတိုက်ရိုက်မေးမြန်းနိုင်တဲ့အပြင်  သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့လည်း ပြည်သူကို တိုက်ရိုက်ပြန်လည်ဖြေကြားနိုင်တဲ့အတွက် အကျိုးရှိတဲ့ အစီအစဉ်ကောင်းတစ်ခုမို့ စိတ်ပါဝင်စားသူမည်သူမဆို    လာရောက်မေးမြန်းနိုင်သလို သက်ဆိုင်ရာနယ်ပယ်အသီးသီးက တာဝန်ရှိသူတွေအနေနဲ့လည်း  လာရောက်ဖြေကြားပေးဖို့ ဖိတ်ခေါ်ပါတယ်”ဟု ရင်ဖွင့်ထားပါတယ်။

 

အခုလိုပြည်သူတွေကြားက အကြောင်းအရာများစွာကို ပြည်သူတွေကိုယ်တိုင် လာရောက်မေးမြန်းနိုင်ဖို့ စီစဉ်တင်ဆက်နေတဲ့ “မေးမြန်းဖြေကြား လူမှုစီးပွား” အစီအစဉ်ဟာ ၁၀ ခုမြောက်အစီအစဉ်အနေနဲ့တော့ နိုင်ငံ့စီးပွားရေးတိုးတက်ဖို့အရေးပါတဲ့    အသေးစား၊  အလတ်စားလုပ်ငန်းတွေအနေနဲ့ အစိုးရကထုတ်ပေးနေတဲ့ ချေးငွေတွေကို ဘယ်လိုရယူနိုင်မလဲဆိုပြီး လုပ်ငန်းရှင်တွေအတွက်လည်း စဉ်းစားပေးခဲ့ပြန်ပါတယ်။      ဒီအစီအစဉ်အတွက်ပြည်သူတွေ ပိုမိုပါဝင်လာနိုင်ဖို့ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းတွေ အများဆုံးရှိတဲ့ ရန်ကုန်မြို့လယ်က ခန်းမတစ်ခုမှာ စိတ်ပါဝင်စားတဲ့ လုပ်ငန်းရှင်တွေနဲ့ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့အာမခံလုပ်ငန်းနဲ့ MSME သင်တန်းဆရာတို့ကို ဖိတ်ခေါ်ပြီး ချေးငွေလျှောက်ထားဖို့ လိုအပ်ချက်တွေနဲ့ သိလိုသမျှတွေကို မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။ ဒီအစီအစဉ်မှာလည်း အမျိုးသမီးလုပ်ငန်းရှင်တော်တော်များများ လာရောက်မေးမြန်းခဲ့ပြီး   လာရောက်မေးမြန်းကြတဲ့ လုပ်ငန်းရှင်တွေရဲ့ ကျေနပ်အားရမှုကိုရရှိခဲ့ပြီး အောင်မြင်တဲ့အစီအစဉ်တစ်ခုအဖြစ် ရိုက်ကူးပြီးစီးခဲ့ပါတယ်။

 

ဒီအစီအစဉ်မှာ လာရောက်မေးမြန်းခဲ့တဲ့ သာကေတမြို့နယ်က လုပ်ငန်းရှင်တစ်ဦးကတော့ “SME ချေးငွေရယူနိုင်ဖို့ အသင်းဝင်ကတ်ရှိဖို့ လိုတယ်ဆိုတာ ဒီအစီအစဉ်မှာမေးကြည့်မှ သိရတာပါ။ SME အတွက် ပြည့်ပြည့်စုံစုံသိရလို့ ကျေးဇူးတင်ပါတယ်” ဟု အစီအစဉ်အပေါ် မှတ်ချက်ပေးသွားပါတယ်။

 

ဇူလိုင်လ  ပထမအပတ်က  ရိုက်ကူးခဲ့တဲ့အစီအစဉ်ဆိုရင်လည်း ပင်စင်နဲ့ပတ်သက်တဲ့ အနာဂတ်အစီအစဉ်တွေ၊ ကိုယ့်ရဲ့ အခက်အခဲတွေကို မေးမြန်းဆွေးနွေးခွင့်ရခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ရုပ်မြင်သံကြားရဲ့  “မေးမြန်းဖြေကြား လူမှုစီးပွား”  အစီအစဉ်ဟာ  ပြည်သူတွေရဲ့အသံကို  အစိုးရနဲ့  သက်ဆိုင်ရာ  ကျွမ်းကျင်သူတွေကြားနိုင်ဖို့ ရင်ဖွင့်စရာ၊ ဆွေးနွေးစရာနေရာတစ်ခုဖြစ်သလို တာဝန်ယူမှု၊  တာဝန်ခံမှုတွေကို   ပွင့်လင်းမြင်သာစွာတွေ့ရှိနိုင်အောင် စီစဉ်ပေးထားတဲ့          နေရာလေးတစ်ခုအဖြစ်  တင်ဆက်ပေးလျက်ရှိနေပါတယ်။ ။


(ဆောင်းပါးရှင် ရဲကိုကိုသည် Internews တွင် ရုပ်သံသင်တန်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။)

 

ရဲကိုကို