မြင့်ထွေး (ဟိုတယ်/ခရီး)
အနောက်သို့ ခရီးသွားခြင်း
ခရီးသွားဌာနဖြစ်သည့်အပြင် ခြေထောက်မှာ ဗွေပါ၍လည်း ယခင်က မကြာခဏခရီးသွားဖြစ်ခဲ့သည်။ ယခုတစ်လော ပြည်တွင်းခရီး၊ ပြည်ပခရီးများ မသွားဖြစ်သည်မှာကြာပြီမို့ တော်တော်လေးကို ခရီးသွားချင်နေမိသည်။ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို တစ်ခါမှ မရောက်ဖူးသေးသော အိန္ဒိယနိုင်ငံ သို့သွားရောက်ရန် မထင်မှတ်ဘဲ အခွင့်အရေးရခဲ့သည်။
ခရီးစဉ်အကြောင်းအရာက အာဆီယံ - အိန္ဒိယ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ ဖလှယ် ရေးအစီအစဉ် (ASEAN-India Tourism Professio-nals Exchange Programme) ဖြစ်သည်။ ယခု အစီအစဉ်ကို အာဆီယံခရီးသွားလာရေးနှစ် (ASEAN-India Tourism Year 2025) အထိမ်းအမှတ်အဖြစ် အိန္ဒိယနိုင်ငံအစိုးရမှ တာဝန်ပေးအပ်သော Assam Tourism Development Corporation (ATDC) Commissioner & Secretary to the Govt: of Assam က အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တစ်ဆင့် အာဆီယံနိုင်ငံများသို့ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
အစီအစဉ်ကို အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား ခရီးသွားလုပ်ငန်းကိုမြှင့်တင်ရန် အထူး သဖြင့် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသကို အာဆီယံနှင့် ပိုမိုချိတ်ဆက်နိုင်ရေး၊ အိန္ဒိယနှင့် သက်ဆိုင်ရာ ခရီးသွားအဖွဲ့အစည်းများအကြား ပူးပေါင်းတည်ဆောက်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံမှ အရှေ့မြောက်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်မည်ဖြစ်ပြီး တစ်ဆက်တည်းပင် ခရီးသွားပြပွဲများ၊ B.2.B အစည်းအဝေးများပြုလုပ်ခြင်း၊ အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့များ (NTOs) မှ ကိုယ်စားလှယ်များနှင့် ခရီးသွားလုပ်ငန်းရှင်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတိုးတက်စေရန်နှင့် ခရီးသွား ကွန်ရက် တည်ဆောက်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
ဤအစီအစဉ်သို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ နှစ်ဦး၊ ပုဂ္ဂလိကကဏ္ဍမှ နှစ်ဦး၊ ပေါင်း လေးဦးနှင့် အာဆီယံနိုင်ငံ ၁၁ နိုင်ငံအနက် ဘရူနိုင်း နိုင်ငံမှလွဲ၍ ကျန်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အစီအစဉ်မှာ ၁၂-၁၂-၂၀၂၅ ရက်နေ့မှ ၁၇-၁၂-၂၀၂၅ ရက်နေ့အထိ ဖြစ် သော်လည်း လေယာဉ်လက်မှတ်အခြေအနေကြောင့် ကျွန်တော်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တစ်ရက် စော၍ ၁၁-၁၂-၂၀၂၅ ရက်နေ့တွင် ကနဦးအစီအစဉ်တွင် မပါဝင်သော ကိုလ်ကတ္တားမြို့သို့ Myanmar Airways လေယာဉ်ဖြင့် သွားရောက်ပြီး လေဆိပ်အနီးရှိ Hotel Soot ၌ တစ်ညတာ တည်းခိုရသည်။ နောက်တစ်နေ့တွင် အိန္ဒိယနိုင်ငံ ပြည်တွင်း လေကြောင်းလိုင်း Indi go ဖြင့် ဂူဝါဟာတီမြို့ရှိ Hotel Mayfair သို့ ရောက်ရှိပါသည်။
၁၃-၁၂-၂၀၂၅ ရက်နေ့တွင် အာဆီယံ-အိန္ဒိယ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ ဖလှယ်ရေး ဖွင့်ပွဲအခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပရာ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနဝန်ကြီး၊ အာသံပြည်နယ်ဆိုင်ရာ ခရီးသွားလုပ်ငန်းဝန်ကြီးနှင့် Assam Tourism Development Coporation Ltd., (ATDC) Commissioner & Secretary to the Govt: of Assam and Managing Director တို့မှ အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်နေမှုများ၊ အာဆီယံနိုင်ငံများမှ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လည်ပတ်နိုင်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အိန္ဒိယနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားပါသည်။
ထို့နောက် B.2.B အစည်းအဝေးများကို ဆက်လက်ဆောင်ရွက်ကြရာ အိန္ဒိယနိုင်ငံအရှေ့ မြောက်ဒေသအတွင်းရှိ ခရီးသွားလုပ်ငန်းရှင်များနှင့် အာဆီယံနိုင်ငံများမှ ခရီးသွားလုပ်ငန်းကိုယ်စား လှယ်များက နိုင်ငံအလိုက် အထင်ကရခရီးစဉ်ဒေသ များကို ကြော်ငြာမိတ်ဆက်ကြပြီး အာဆီယံနိုင်ငံ များမှ ခရီးသွားဧည့်သည်များအနေဖြင့် အိန္ဒိယနိုင်ငံ အာသံပြည်နယ်ဒေသသို့ ပိုမိုလာရောက်စေရေး၊ ခရီးစဉ်ဒေသများ ရှာဖွေဖော်ထုတ်ကြော်ငြာသွားရန်၊ အိန္ဒိယနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ ခရီးသွား ကုမ္ပဏီများ၊ Agent များအကြား ခရီးသွားများ သဘောကျမည့် ခရီးစဉ်များ၊ Package Tour များ ဖော်ထုတ်ခြင်းနှင့် ဈေးကွက်မြှင့်တင်ခြင်းများ ပူးပေါင်းဆောင်ရွက်သွားရန်၊ ခရီးသွားများအတွက် ပိုမိုထိရောက်ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေး ခဲ့ကြပြီး ခရီးသွားကုမ္ပဏီများ၊ Agent များအချင်းချင်း အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ကြပါသည်။
ဆက်လက်၍ အာသံပြည်နယ်အတွင်း ဒေသထွက်ကုန်ပြခန်းများကို ပြသပြီးနောက် ယဉ်ကျေးမှု အကအဖွဲ့ဖြင့် ဖျော်ဖြေကြပါသည်။
ကာဇင်ရန်ဂါအမျိုးသားဥယျာဉ်
၁၄-၁၂-၂၀၂၅ ရက်နေ့တွင် အာဆီယံနိုင်ငံများမှ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များ အား ကာဇင်ရန်ဂါအမျိုးသားဥယျာဉ် (Kaziranga National Park)သို့ လေ့လာရေးပို့ခဲ့ပါသည်။
ကာဇင်ရန်ဂါအမျိုးသားဥယျာဉ် (Kaziranga National Park)သည် အာသံပြည်နယ်၏ အထင်ရှား ဆုံး Wildlife Safari ဥယျာဉ်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသတွင် တည်ရှိပါသည်။ ၁၉၀၅ ခုနှစ်တွင် Game Reserve အဖြစ် တည်ထောင်၍ ၁၉၇၄ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် အတည် ပြုခဲ့ပါသည်။ အကျယ်အဝန်း စတုရန်းကီလိုမီတာ ၁၀၉၀ ကျယ်ဝန်းပြီး ၁၉၈၅ ခုနှစ်တွင် UNESCO World Heritage Site အဖြစ် သတ်မှတ်ခံခဲ့ရပါသည်။ ကမ္ဘာပေါ်တွင် အိန္ဒိယ ဦးချိုတစ်ချောင်းကြံ့များ (Indian one-horned rhinoceroses) အများဆုံး နေထိုင်ရာ ဥယျာဉ်ဖြစ်ပြီး အကောင်ရေ ၂၀၀၀ ကျော်ရှိသည့်အပြင် ကျား၊ ဆင်၊ ကျွဲ၊ ရေမြင်း၊ သမင်၊ လင်းယုန်ငှက်များအပါအဝင် ကျားသစ်နှင့် ဝက်ဝံ များကဲ့သို့သော သတ္တဝါများလည်း ရှင်သန်နေထိုင်ကြပါသည်။ ၂၀၀၇ ခုနှစ်တွင် ကျားဘေးမဲ့တော အဖြစ် ကြေညာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာမျိုးသုဉ်းရန် အန္တရာယ်ရှိသော ရွှေ့ပြောင်းငှက်မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ဤအမျိုးသားဥယျာဉ်သည် အရေးပါသောအခန်းကဏ္ဍတွင် ရှိနေပါသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကာဇင်ရန်ဂါ အမျိုးသားဥယျာဉ် (Kaziranga National Park) သို့ နိုင်ငံတကာခရီးသွား ၁၇၆၉၃ ဦး အပါအဝင် ခရီးသွားဧည့်သည် ၄၀၆၅၆၄ ဦး လာရောက် လည်ပတ်ခဲ့ပါသည်။ ကာဇင်ရန်ဂါအမျိုးသားဥယျာဉ် (Kaziranga National Park) တွင် ဗဟိုဇုန် (သို့မဟုတ်) ကာဇီကာရန်ဇုန်၊ အနောက်ပိုင်းဇုန် (သို့မဟုတ်) ဘာရိုရီဇုန်၊ အရှေ့ပိုင်းဇုန် (သို့မဟုတ်) အာဂါရာတိုလီဇုန်နှင့် ဘူရာပါဟာဇုန်ဟူ၍ Safari Zone လေးခု ခွဲခြားထားပါသည်။
လည်ပတ်ရာတွင် Jeep Safari နှင့် Elephant Safari ဟူ၍ နှစ်မျိုးရှိရာ Jeep Safari ကို ဇုန်တိုင်း တွင် ရရှိနိုင်ပြီး အချိန်တစ်နာရီခွဲမှ နှစ်နာရီကြာ လည်ပတ်နိုင်ပါသည်။ Elephant Safari ကိုမူ ဗဟိုဇုန်နှင့် အနောက်ပိုင်းဇုန်တွင် ကြည့်ရှုနိုင်ပြီး အချိန်တစ်နာရီကြာ လည်ပတ်နိုင်ပါသည်။ ဇုန် အမျိုးအစားအလိုက် ပြည်ပခရီးသွားများအတွက် ရူပီး ၄၀၀၀ မှ ရူပီး ၉၇၀၀ ကုန်ကျမည်ဖြစ်ပါသည်။
အမျိုးသားဥယျာဉ်တွင် နှစ်စဉ် ဖေဖော်ဝါရီလ၌ ကျင်းပသော Kaziranga ဆင်ပွဲတော်မှာ အထင်ရှား ဆုံးဖြစ်ပါသည်။ ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့သော အစိုးရ၏ စီမံကိန်းဖြစ်သည့် Project Elephant ၏ ပံ့ပိုးမှုဖြင့် အာသံပြည်နယ် သစ်တောဌာနနှင့် ခရီးသွားဌာနတို့ပူးပေါင်းပြီး ၂၀၀၃ ခုနှစ်တွင် ပွဲတော်ကို စတင်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ ဤပွဲတော်အား ဆင်ထိန်းသိမ်းစောင့်ရှောက်ခြင်း၏ အရေးပါမှု ကို မီးမောင်းထိုးပြရန်နှင့် လူများနှင့်တောရိုင်း တိရစ္ဆာန်များအကြား ရေရှည်တည်တံ့သော အတူ ယှဉ်တွဲနေထိုင်မှုတို့ကို အသိပညာပေးရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ကျွန်တော်တို့ အာဆီယံအဖွဲ့ဝင်များအား Jeep ကားများဖြင့် လုံခြုံရေးအစောင့်အကြပ်များ လိုက်ပါ လျက် ဆာဖာရီဥယျာဉ်အတွင်း လှည့်လည်ပြသရာ ကမ္ဘာ့မီဒီယာများတွင် တွေ့မြင်ရသည့် အာဖရိက သဘာဝတောရိုင်းဇုန်အတွင်း လေ့လာရသကဲ့သို့ ဖြစ်နေသဖြင့် စိတ်လှုပ်ရှားမှု ဖြစ်စေခဲ့သည်။
၁၅-၁၂-၂၀၂၅ ရက်နေ့တွင် ကာဇင်ရန်ဂါ အမျိုးသားဥယျာဉ် (Kaziranga National Park) အနီးရှိ Hathikuli လက်ဖက်ခြောက်စက်ရုံသို့ သွားရောက်လေ့လာကြပါသည်။ Hathikuli လက်ဖက်ခြောက်စက်ရုံသည် အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် အကြီးဆုံးသဘာဝ (Organic) လက်ဖက်ခြောက်စိုက်ခင်းမှ လက်ဖက်ခြောက် ထုတ်လုပ်ရေး စက်ရုံဖြစ်ပါသည်။ အဆိုပါ စက်ရုံတွင် ဓာတုပစ္စည်းများမသုံးဘဲ သဘာဝနည်းလမ်းများဖြင့် လက်ဖက်ရွက်ကို စိုက်ပျိုးထုတ်လုပ်ခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းစေပြီး ဇီဝမျိုးစုံကို ထိန်းသိမ်းပေးပါသည်။ ထို့အပြင် ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင်များ ဖန်တီးပေးသည့်အပြင် ကာဇင်ရန်ဂါဒေသ၏ ခရီးသွားလုပ်ငန်း နှင့်ချိတ်ဆက်၍ လက်ဖက်ခြောက်ယဉ်ကျေးမှုကို ပြသနိုင်သည့် စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်စံနမူနာတစ်ခုဖြစ်သည်ကို တွေ့ရှိရပါသည်။
၁၆-၁၂-၂၀၂၅ ရက်နေ့တွင် အာဆီယံ- အိန္ဒိယ ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ ဖလှယ် ရေးအစီအစဉ် ပိတ်ပွဲအခမ်းအနားကို နယူးဒေလီမြို့ Hotel EROS တွင် ပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံ ပြည်ပ ရေးရာဝန်ကြီးဌာနဝန်ကြီး၊ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ Assam Tourism Development Coporation Ltd., (ATDC) မှ Managing Director တို့ တက်ရောက်ပြီး ယခုအစီအစဉ်သို့ ပါဝင်တက်ရောက်ပေးကြသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်းနှင့် အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားပါသည်။ ကျွန်တော်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ ၁၇-၁၂-၂၀၂၅ ရက်နေ့တွင် ပြန်လည် ထွက်ခွာလာရာ မြန်မာနိုင်ငံသို့ မွန်းလွဲပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။
အကျိုးကျေးဇူး
အာဆီယံ-အိန္ဒိယ ခရီးသွားလာရေးနှစ် (ASEAN- India Tourism Year 2025) အထိမ်း အမှတ်အဖြစ် အိန္ဒိယနိုင်ငံ ဂူဝါဟာတီမြို့ ကာဇင်ရန်ဂါနှင့် နယူးဒေလီမြို့တွင် ပြုလုပ်ခဲ့သည့် အာဆီယံ-အိန္ဒိယ ခရီးသွားလုပ်ငန်းကျွမ်းကျင် ပညာရှင်များ ဖလှယ်ရေးအစီအစဉ်ကြောင့် အိန္ဒိယ နိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်ခဲ့ခြင်း၊ မြန်မာနိုင်ငံ၏ အထင်ကရခရီးစဉ်များကို အိန္ဒိယခရီးသွား ဧည့်သည်များ ပိုမိုလာရောက်စေရေး ကြော်ငြာနိုင် ခဲ့ခြင်း၊ အစိုးရ-ပုဂ္ဂလိက ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နိုင်ခဲ့သဖြင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု ပိုမိုခိုင်မာစေခြင်း၊ အိန္ဒိယနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်နေမှုများကို သိရှိ ခွင့်ရခဲ့ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေခဲ့ပါသည်။
အိန္ဒိယနိုင်ငံတွင် တစ်ပတ်ခန့် နေထိုင်စဉ်အတွင်း အိန္ဒိယနိုင်ငံရှိ ခရီးသွားလုပ်ငန်းမှ တာဝန် ရှိသူများ၏ ခရီးသွားလုပ်ငန်းအပေါ် သဘောထားများ၊ ဟိုတယ်များ၏ အဆင့်အတန်းနှင့် ဝန်ဆောင်မှု၊ ခရီးသွားကုမ္ပဏီများနှင့် အေးဂျင့်များ၏ လူမှုဆက်ဆံရေး၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော လုပ်ငန်းများမှ ပုဂ္ဂိုလ်များက ရေရှည်မျှော်မှန်းချက်များကို အနီးကပ်လေ့လာသုံးသပ်မိသည်။ ခရီးသွားလုပ်ငန်းသည် အိန္ဒိယနိုင်ငံ၏ စီးပွားရေးကို အဓိက အထောက်အကူပြုနေသည့် စီးပွားရေးလုပ်ငန်း မဟုတ်သော်လည်း အိန္ဒိယအစိုးရနှင့် ခရီးသွား လုပ်ငန်းနှင့် ဆက်နွှယ်သူတို့က ခရီးသွားလုပ်ငန်း၏ အကျိုးရလဒ်များကို သိရှိလာကြပြီဖြစ်သဖြင့် ၂၀ ရာစု နောက်ပိုင်းကာလများတွင် ခရီးသွားလုပ်ငန်းအား အလေးထားလာကြသည်ကို သတိထားမိသည်။
ရောက်ရှိခဲ့သော ဟိုတယ်များ၏ အဆင့်အတန်း၊ ဝန်ဆောင်မှုအရည်အသွေး၊ တန်ဖိုးမြှင့်ခရီးသွား ထုတ်ကုန်များ၊ လည်ပတ်လေ့လာစရာခရီးစဉ်ဒေသများ၊ အပန်းဖြေရန်နေရာများ၊ အသေးစား၊ အလတ်စား စက်မှုလက်မှုထုတ်ကုန်များ၊ ဒေသထွက်ပစ္စည်းများ၊ ဒေသရိုးရာအစားအစာများ၊ ရိုးရာအကဖျော်ဖြေမှု များဖြင့် ဧည့်သည်များအပေါ် ဆွဲဆောင်လျက်ရှိသည်ကို တွေ့ရသည်။ ခရီးသွားလုပ်ငန်းဖြင့် နိုင်ငံခြားဝင်ငွေကို အဓိကရှာဖွေနေသော နိုင်ငံများ၏ ခရီးသွား လုပ်ငန်းအခြေအနေများနှင့် နှိုင်းယှဉ်ပါက အိန္ဒိယနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်မှု အခြေအနေများမှာ လိုအပ်ချက်များစွာ ရှိနေသေးသော်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၎င်းတို့၏ ဦးတည်ကြိုးပမ်းဆောင်ရွက်နေမှုများကို ကိုယ်တိုင်ကြုံတွေ့ချက်များအရ တလေးတစား အသိအမှတ်ပြုမိသည်။
အိန္ဒိယနိုင်ငံသည် ချမ်းသာကြွယ်ဝမှုနှင့်အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်လာသောကြောင့် တစ်ဦးချင်း ဝင်ငွေများပြားလာပြီး ခရီးသွားမှုများကို နိုင်ငံအတွင်းတွင်လည်းကောင်း၊ ပြည်ပနိုင်ငံများသို့ လည်းကောင်း အကြောင်းအမျိုးမျိုးဖြင့် သွားလာကြသည်ကို သတိထားတွေ့မြင်ရသည်။ ယဉ်ကျေးမှု ဆိုင်ရာ ခရီးသွားလုပ်ငန်း၊ သမိုင်းအမွေအနှစ်များ လေ့လာခြင်းဆိုင်ရာ ခရီးသွားလုပ်ငန်း၊ သဘာဝ အခြေခံခရီးသွားလုပ်ငန်း၊ စွန့်စားခရီးသွားလုပ်ငန်းတို့ကို စိတ်ဝင်စားသော ခရီးသည်များသည် အိန္ဒိယ နိုင်ငံသို့ လာရောက်လည်ပတ်လေ့ရှိကြသည့်အပြင် ကျန်းမာရေးခရီးသွားလုပ်ငန်း၊ ဘုရားဖူးခရီးသွား လုပ်ငန်းများအား စိတ်ဝင်စားသည့်ခရီးသည်များလည်း သွားရောက်ကြသည်။ ၂၀၂၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြည်ပမှ လာရောက်သူ ၂၀ ဒသမ ၅၇ သန်းရှိပြီး နိုင်ငံအတွင်းမှ ပြည်ပသို့ လည်ပတ်သူ ၂၃ ဒသမ ၅ သန်းရှိသည်ဟု သိရသည်။
Tourism in India Website ၏ ၂၀၂၅ ခုနှစ် အတွက် အိန္ဒိယနိုင်ငံ၏ ခရီးသွားအချက်အလက် များအရ အိန္ဒိယနိုင်ငံသို့ ပြည်ပမှလာရောက်သူ ၁၁ ဒသမ ၂ သန်း ကျော်ရှိပြီး အိန္ဒိယနိုင်ငံအတွင်းမှ ပြည်ပသို့ သွားရောက်သူ ခရီးသွား ၂၇ သန်းမှ ၂၈ သန်းအကြားတွင် ရှိနေသည်ကို တွေ့ရသည်။ ပြည်ပသို့ သွားရောက်သော ခရီးသွားတစ်ဦးချင်းစီ၏ တစ်နေ့တာအသုံးစရိတ်မှာ ပျမ်းမျှအနေဖြင့် အမေ ရိကန် ဒေါ်လာ ၁၂၀ မှ ၁၅၀ အကြားတွင် ရှိသည်။ အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်သော ခရီးသွား များသည် ပျမ်းမျှ ၁၄ ရက်မှ ၁၅ ရက်ခန့် နေထိုင်ကြ သည်ကို တွေ့ရှိရသည်။ အိန္ဒိယနိုင်ငံသားများအနေဖြင့် ထိုင်း၊ စင်ကာပူ၊ ဘာလီ (အင်ဒိုနီးရှား)၊ ဒူဘိုင်း၊ အင်္ဂလန်၊ ဆွစ်ဇာလန်၊ အမေရိကန်၊ ဆော်ဒီအာရေဗျ နိုင်ငံတို့သို့ အများဆုံး သွားရောက်လည်ပတ်ကြသည်။
မြန်မာနိုင်ငံအတွက်အခွင့်အလမ်း
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော အိန္ဒိယခရီးသွားဧည့်သည်များမှာ ၂၀၁၅ ခုနှစ်တွင် ၅၉၆၉၂ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၆၃၈၆၄ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၈၆၉၀၇ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၀၂၇၀၂ ဦး၊ ၂၀၁၉ ခုနှစ်တွင် ၁၁၇၃၁၇ ဦးသို့ တဖြည်းဖြည်း တိုးမြှင့်လာရောက်လည်ပတ်လျက်ရှိသော်လည်း ၂၀၂၀ ပြည့်နှစ်မှစ၍ အခြားနိုင်ငံသားများနှင့် နှိုင်းယှဉ်ပါက နှစ်စဉ်ကျဆင်းသွားခဲ့ရာ ၂၀၂၅ ခုနှစ်တွင် ၁၈၄၇၄ ဦးသာ ဝင်ရောက်ခဲ့သည်။ ခရီးစဉ်ဒေသများ လုံခြုံအေးချမ်းမှုရှိလာပါက ၂၀၁၉ ခုနှစ်က လာရောက် လည်ပတ်သည့်ဦးရေထက် ပိုမိုဝင်ရောက်လည်ပတ်ရန် ခရီးသွားလိုသော အိန္ဒိယနိုင်ငံသားများ၏ ဆန္ဒနှင့် မြန်မာနိုင်ငံ၏ အခြေအနေများက အခွင့်အလမ်း များစွာရှိနေသည်။
အာသံပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင်တည်ရှိပြီး မြန်မာနိုင်ငံနှင့် ထိစပ် လျက်ရှိသဖြင့် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသည်များသည် တမူး-မိုရေး ဝင်ပေါက်မှ နယ်စပ် ဖြတ်ကျော် ယာဉ်တန်းများ၊ ဆိုင်ကယ်ယာဉ်တန်းခရီးစဉ်များဖြင့် ဝင်ရောက်လည်ပတ်လျက်ရှိသည်။ ကျွန်တော်တို့ ခရီးစဉ်တွင် တက်ရောက်အမှာစကား ပြောကြားသော အာသံပြည်နယ်ဆိုင်ရာ ခရီးသွား ဝန်ကြီး Shri Rangeet Kuman Dass နှင့် Assam Tourism Development Coporation Ltd., (ATDC) Commissioner & Secretary to the Govt: of Assam and Managing Director ဖြစ်သူ Mr Kumar Padmapani Bora တို့မှာ မြန်မာနယ်စပ် တမူးမြို့သို့ အကြိမ်ကြိမ်ရောက်ရှိခဲ့သဖြင့် လည်းကောင်း၊ ရေမြေ ဆက်စပ်မှုအရလည်းကောင်း ကျွန်တော်တို့နှင့် ဆုံတွေ့ချိန်တွင် မိတ်ဆွေရင်းချာလို ရှိနေသည်။ တမူးနယ်စပ်တွင် မွေးဖွားခဲ့သူဖြစ်၍ စကားပြောဆို ရာတွင် ပွင့်လင်းစွာအားရပါးရရှိလှသည်။ ရုပ်ရည်နှင့် အသားအရေမှာလည်း မြန်မာနှင့်ဆင်လှသည်။ အထူးသဖြင့် သူတို့၏ မျှော်မှန်းချက်များမှာ တမူးနယ်စပ်မှ ဝင်ရောက်လည်ပတ်မှု၊ ကုန်သွယ်စီးဆင်းမှု တို့ဖြစ်သည်ကို တွေ့ရသည်။
နယ်စပ်ဖြတ်ကျော်ဝင်ရောက်လည်ပတ်မှု
၂၀၀၅ ခုနှစ်တွင် Border Crossing ဖြစ်သည့် နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ Caravan Tour များ ဖြင့်စတင်ခဲ့သည်။ ထိုစဉ်က ဒေသတွင်းတည်ငြိမ်မှု၊ တမူးမြို့ဝင်ပေါက်အား အပြည်ပြည်ဆိုင်ရာဝင်ပေါက် အဖြစ် သတ်မှတ်ထားမှုတို့ကြောင့် အိန္ဒိယနိုင်ငံ အာသံ ပြည်နယ်ကိုဖြတ်၍ တမူးအဝင်-တမူးအထွက်၊ တမူးအဝင်-မြဝတီအထွက်၊ တမူးအဝင်-တာချီလိတ်အထွက်၊ တာချီလိတ်အဝင်-တမူးအထွက်၊ မြဝတီအဝင်-တမူးအထွက် စသည့် မိုင်ပေါင်းများစွာ ရှည်လျားကြမ်းတမ်းခက်ခဲသော ခရီးစဉ်လမ်းကြောင်းတွင် နိုင်ငံဖြတ်ကျော်ယာဉ်တန်းများ၊ ဆိုင်ကယ်ယာဉ်တန်းများ လူးလာခေါက်တုံ့ သွားလာခဲ့ကြသည်။
Caravan ခရီးစဉ်များသွားလာမှု အများဆုံးဖြစ်သည့် ၂၀၁၉ ခုနှစ်တွင် ဂျာမနီ၊ ဗြိတိန်၊ ဩစတြေးလျ၊ ပြင်သစ်၊ အမေရိကန်၊ နယ်သာလန်၊ အီတလီ၊ ဆွစ်ဇာလန်၊ နယူးဇီလန်၊ ရုရှား၊ ချက်ခ်၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ကနေဒါ၊ ဆလိုဗေးနီးယား၊ စပိန်၊ အာဂျင် တီးနား၊ အိုင်ယာလန်၊ ဆော်ဒီအာရေးဗီးယား၊ ဒိန်းမတ်၊ ပိုလန်၊ မော်လတာ၊ ကိုရီးယား၊ တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၃၄၇ ဦးက မော်တော်ယာဉ် ၁၁၉ စီး၊ ဆိုင်ကယ် ၁၁၂ စီးတို့ဖြင့် တမူးနယ်စပ်ကို ဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် လည်ပတ်ခဲ့ကြသည်။ ထို့အတူ ၂၀၂၀ ပြည့်နှစ်တွင် လည်း ကမ္ဘာလှည့်ခရီးသည် ၁၂၂ ဦးတို့သည် မော်တော်ယာဉ် ၄၁ စီး၊ ဆိုင်ကယ် ၃၈ စီးတို့ဖြင့် တမူးမြို့မှ ဝင်ရောက်ထွက်ခွာခဲ့ကြပါသည်။
ယခုအခါ နယ်မြေခရီးလမ်းကြောင်း လုံခြုံမှု အခြေအနေကြောင့် တမူးလမ်းကြောင်းမှ လာရောက် မည့် Caravan Tour များ ရပ်တန့်ခဲ့သည်မှာ ငါးနှစ်ခန့် ကြာမြင့်ပြီးဖြစ်၍ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်ကာလများကဲ့သို့ မော်တော်ယာဉ်တန်းများ၊ ဆိုင်ကယ်ယာဉ်တန်းများ ပြန်လည်၍ လူးလာခေါက်တုံ့သွားလာကြမည်ကို တွေးမျှော်မှန်းရန် မဝံ့ရဲသေးသော်လည်း ယခင်လို ပြန်လည်ဖြစ်စေချင်လှသည်မှာ တကယ့်ဆန္ဒအမှန်ဖြစ်သည်။
ဗီဇာဖြေလျှော့မှု
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်ကိုင်ဆောင် ထားသူများအတွက် အပြန်အလှန်ဗီဇာ ကင်းလွတ်ခွင့် စာချုပ်ချုပ်ဆိုထားပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအား ပြည်ဝင်ဗီဇာ ထုတ်ပေးမှုကို ယာယီရပ်ဆိုင်းထားခဲ့သော်လည်း နိုင်ငံပေါင်း ၂၂ နိုင်ငံကို ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် ပြန်လည်ခွင့်ပြုပေးလျက်ရှိပါသည်။ ထို့အပြင် အာဆီယံနိုင်ငံများမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို အပြန်အလှန်ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ပြုထားပါသည်။
မြန်မာနိုင်ငံသို့ လာရောက်မည့် ရုရှားသာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရှိ လုပ်ငန်းဗီဇာနှင့် ကမ္ဘာလှည့်ခရီးသွား ဗီဇာကင်းလွတ်ခွင့်ကို ၁-၇-၂၀၂၂ ရက်နေ့မှ စတင်ခွင့်ပြုခဲ့ပြီး ဗီဇာကင်းလွတ်ခွင့်ပြုရေး ဆိုင်ရာ သဘောတူစာချုပ်မှာ ၂၇-၁-၂၀၂၆ ရက်နေ့မှစ၍ စာချုပ်အသက်ဝင်ခဲ့ပါသည်။ ထို့အပြင် တရုတ်နိုင်ငံ(ပြည်မ)၊ ဟောင်ကောင် အထူးအုပ်ချုပ် ရေးဒေသနှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ အား ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်)ကို ခွင့်ပြုပေးလျက်ရှိပါသည်။
အထူးသဖြင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာကို ၃၀-၈-၂၀၂၃ ရက်နေ့မှ ၂၉-၈-၂၀၂၄ ရက်နေ့အထိ ခွင့်ပြု ခဲ့ပြီး ၃၀-၈-၂၀၂၄ ရက်နေ့မှ ၂၉-၈-၂၀၂၅ ရက်နေ့ အထိ ပထမအကြိမ် သက်တမ်းတိုးမြှင့်ပေးခဲ့ပါ သည်။ ဆက်လက်၍ ၃၀-၈-၂၀၂၅ ရက်နေ့မှ ၂၉-၈-၂၀၂၆ ရက်နေ့အထိ ဆိုက်ရောက်ဗီဇာ သက်တမ်း ဒုတိယအကြိမ် တိုးမြှင့်ပေးခဲ့ခြင်းကြောင့် အိန္ဒိယနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအတွက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် အခွင့်အလမ်းဖွင့်ပေးထားပါသည်။ ထို့အပြင် e-Visa (Tourist) ကို နိုင်ငံပေါင်း ၁၀၀ အား ခွင့်ပြုထားရာ အဆိုပါ နိုင်ငံပေါင်း ၁၀၀ တွင် အိန္ဒိယနိုင်ငံလည်း ပါဝင်သကဲ့သို့ Business Visa ခွင့်ပြုထားသည့် ၅၄ နိုင်ငံတွင် အိန္ဒိယနိုင်ငံပါဝင်ပါသည်။
ဦးစားပေးဈေးကွက်
အိန္ဒိယနိုင်ငံသား ခရီးသွားဧည့်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက်ရန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်ပေါက်များမှ ခွင့်ပြုထားသကဲ့သို့ တမူး-မိုရေး၊ ရိခေါဒါရ်-ရိခေါသာ နယ်စပ်ဂိတ် နှစ်ခုကိုလည်း ဖွင့်လှစ်ထားပါသည်။ သို့ရာတွင် လက်ရှိအခြေအနေ၌ နယ်မြေလုံခြုံရေး အခြေအနေအရ နယ်စပ်ဂိတ်များမှ ကမ္ဘာလှည့် ခရီးသွားဧည့်သည်များနှင့် အိန္ဒိယနိုင်ငံသား ခရီးသွား ဧည့်သည်များ ဝင်ရောက်နိုင်မှုမရှိသေးပါ။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ကမ္ဘာ လှည့်ခရီးသွားဧည့်သည်စာရင်းများအရ အိန္ဒိယ နိုင်ငံသားများသည် ၂၀၂၁၊ ၂၀၂၂ ခုနှစ်တွင် တတိယ အများဆုံး၊ ၂၀၂၃ ခုနှစ်တွင် ဆဋ္ဌမအများဆုံး၊ ၂၀၂၄၊ ၂၀၂၅ ခုနှစ်တွင် ပဉ္စမအများဆုံး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း တွေ့ရှိရပါသည်။
မည်သို့ပင်ရှိစေကာမူ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ နှစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်မှု၊ ချမ်းသာကြွယ်ဝမှု၊ ခရီးသွား လုပ်ငန်းအပေါ် အာရုံစိုက်စိတ်ဝင်စားလာမှုများက မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသား ခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရေးအတွက် ခရီးသွားဈေးကွက် Target Market အဖြစ် ဦးတည်သတ်မှတ်၍ ခရီးသွားမြှင့်တင်ခြင်း လုပ်ငန်းများ၊ ဆွဲဆောင်မှုလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သကဲ့သို့ အိန္ဒိယနိုင်ငံကိုလည်း Target Market သတ်မှတ်ရန် ချန်မထားသင့်သော ခရီးသွားဈေးကွက်ကြီးဖြစ်ပါသည်။ သို့ဖြစ်၍ ရှေ့လာ မည့်အခြေအနေကောင်းများတွင် အိန္ဒိယနိုင်ငံသား ခရီးသွားဧည့်သည်များအား ပိုမိုဆွဲဆောင်နိုင်မည့် အစီအစဉ်များဖြင့် စတင်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုရေးသားတင်ပြလိုက်ရပါသည်။ ။


