၂၅ ဇွန်
“ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုတဲ့ဆိုရိုးစကားအတိုင်း နောင်တစ်ခေတ်ရဲ့ခေါင်းဆောင်များဖြစ်ကြမယ့် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားတဲ့သားငယ် သမီးငယ်များအနေနဲ့ ကိုယ်စိတ်ပါဝင်စားရာ တက္ကသိုလ်အသီးသီးကို မကြာခင် ရွေးချယ်တက်ရောက်ကြရမှာ ဖြစ်ပါတယ်။ ကိုယ့်ဘဝ တိုးတက်အောင်မြင်ဖို့နဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်သားငယ် သမီးငယ်တို့ရဲ့ ရွေးချယ်မှုမှန်ကန်ဖို့ အရေးကြီးပါတယ်။ တက္ကသိုလ်ရဲ့ မူဝါဒနဲ့အညီ မြန်မာနိုင်ငံရဲ့သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုဗဟိုဌာနကြီးအဖြစ် လူ့စွမ်းအားအရင်း အမြစ်တွေကို မွေးထုတ်ပေးလျက်ရှိတဲ့ “မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်” အကြောင်း သိကောင်းစရာများကို အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်။
တစ်ခုတည်းသော တက္ကသိုလ်
မိမိတို့တက္ကသိုလ်ဟာ တိရစ္ဆာန်မွေး မြူရေးနှင့် ဆေးကုသရေးနယ်ပယ်အတွက် မြန်မာနိုင်ငံမှာ တစ်ခုတည်းသော တက္ကသိုလ်အဖြစ် နေပြည်တော် ဥတ္တရခရိုင် ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာမှာ တည်ရှိပါတယ်။ မိမိတို့ တက္ကသိုလ်ကို ၁၈၉၀ ပြည့်နှစ်မှာ “လက်ထောက်တိရစ္ဆာန်ဆေး ကုသင်တန်း” အဖြစ် စတင်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်လက်အောက်မှာ]”တိရစ္ဆာန်ဆေးပညာ မဟာဌာန”အဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ၁၉၆၄ ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဘီအိုစီကွေ့အနီးမှာ “တိရ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်” အဖြစ် သီးခြားဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ အင်းစိန်မှ ရေဆင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ “မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်”အဖြစ် ပြောင်းလဲခေါ်ဝေါ် ခဲ့ပါတယ်။
မိမိတို့တက္ကသိုလ်ဟာဆိုရင် မွေးမြူဆေးကုဘာသာရပ်များကို အထူးပြု ဘာသာရပ်အလိုက် သီးခြားစီလေ့လာ နိုင်ဖို့ သင်တန်းကာလ လေးနှစ်ဖြစ်တဲ့ “မွေးမြူရေး ပညာသင်တန်း”နဲ့ သင်တန်းကာလ ခြောက်နှစ်ဖြစ်တဲ့ “ တိရစ္ဆာန်ဆေးပညာသင်တန်း”ဆိုပြီး ဖွင့်လှစ်ထားပါတယ်။ နှစ်စဉ်မွေးမြူရေးပညာသင်တန်းအတွက် ကျောင်းသား ကျောင်းသူ ၁၅၀၊ တိရစ္ဆာန်ဆေးပညာ သင်တန်းအတွက်ကျောင်းသား ကျောင်းသူ ၁၀ဝ (သင်တန်း တစ်ခုစီအတွက် ကျား ၅၀ ရာခိုင်နှုန်း၊ မ ၅၀ ရာ ခိုင်နှုန်း) လက်ခံသင်ကြားပေးလျက်ရှိပါတယ်။
မကူးစက်အောင် တားဆီးကာကွယ်
“မွေးမြူဆေးကုတိုင်းပြည်ပြု” ဆိုတဲ့တက္ကသိုလ်ရဲ့ ဆောင်ပုဒ်နဲ့အညီ နိုင်ငံတော်ရဲ့ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမယ့် သင်ရိုးညွှန်းတမ်းတွေကို ထည့်သွင်းရေးဆွဲထားပါတယ်။ “မွေးမြူရေးပညာဘွဲ့”သင်တန်းမှာဆိုရင် မွေးမြူထုတ်လုပ်ရေး ပညာရပ်များအပြင် မွေးမြူရေးခြံစီမံခန့်ခွဲရေး၊ မွေးမြူရေးဆိုင်ရာ စီးပွားရေး၊ အစားအစာ ပြုပြင်ထုတ်လုပ်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအစရှိတဲ့ ဘာသာရပ်တွေကိုသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ “ တိရစ္ဆာန်ဆေးပညာဘွဲ့”သင်တန်းမှာဆိုရင် တိရစ္ဆာန်ဆေးကုသရေးနဲ့ ဆက်စပ်ဘာသာရပ်များအပြင် ပြည်သူ့ကျန်းမာရေးကို အထောက်အကူပြုမယ့် တိရစ္ဆာန်မှလူကို ကူးစက်တတ်တဲ့ရောဂါများ (Zoonoses)ထိန်းချုပ်ရေး၊ အသားစစ်ဆေးခြင်းနဲ့ဆိုင်တဲ့ ပညာရပ်တွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ယနေ့ကမ္ဘာမှာ တိရစ္ဆာန်မှ လူကိုကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ ခွေးရူးရောဂါ၊ ကြက်ငှက်တုပ်ကွေး၊ အီဘိုလာစတဲ့ရောဂါတွေရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါတွေကို တိရစ္ဆာန်ကနေတစ်ဆင့် လူတွေဆီကို မကူးစက်အောင်တားဆီးကာကွယ်ဖို့ အလွန်အရေးကြီးပါတယ်။ မျက်မှောက်ခေတ်ရဲ့ အရေးပါတဲ့ ဆောင်ပုဒ်တစ်ခုဖြစ်တဲ့ “တစ်ခုတည်းသောကမ္ဘာ တစ်ခုတည်းသောကျန်းမာရေး” (One World One Health)အတွက် မိမိတို့ တက္ကသိုလ်က မွေးထုတ်ပေးလိုက်တဲ့ ပညာရှင်တွေကလည်း မဖြစ်မနေ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
အသင်းဝင်အဖြစ် အသိအမှတ်ပြုပေး
သားတို့သမီးတို့အနေနဲ့ မြန်မာနိုင်ငံရဲ့စားနပ်ရိက္ခာဖူလုံရေး၊ ကျေးလက်နေပြည်သူတွေရဲ့ လူနေမှုဘဝမြှင့်တင်ရေး၊ ဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အကူဖြစ်စေမယ့် မွေးမြူရေးပညာဘွဲ့ရ မွေးမြူရေးပညာရှင်တစ်ဦးဖြစ်ဖို့ လေးနှစ်သင်တန်း စာတွေ့၊ လက်တွေ့ တက်ရောက်ရမယ့်အပြင် “မွေးမြူ ရေးဆိုင်ရာ ပညာရပ်များအသင်း” (LSA)ရဲ့ ဦးဆောင်မှုနဲ့ ကျေးရွာတွေကို ကွင်းဆင်း လေ့လာရေးခရီးတွေ သွားရောက်ပြီး ကျေးရွာတွေရှိ မွေးမြူရေးလုပ်ငန်းတွေကို လေ့လာခြင်း၊ မွေးမြူသူတွေကို မွေးမြူရေးဆိုင်ရာအသိပညာဗဟုသုတတွေ ဖြန့်ဝေပေးခြင်း၊ အခြေခံလူမှုစီးပွားဘဝဆိုင်ရာ အချက်အလက်တွေကောက်ခံခြင်းတို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တက္ကသိုလ်ရှိ သရုပ်ပြမွေးမြူ ရေးခြံတွေ၊ စားကျက်စိုက်ခင်းတွေမှာ လက်တွေ့လေ့ကျင့်ခြင်း၊ ကျောင်းပိတ်ကာလတွင် မွေးမြူရေးကုမ္ပဏီတွေ၊ စီးပွားဖြစ်မွေးမြူရေးခြံတွေမှာ လုပ်ငန်းခွင်အကြိုလေ့လာရေးတွေလည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ မွေးမြူရေးပညာဘွဲ့ရရှိပြီးပါက မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်(MLF)မှ မွေးမြူရေးပညာရှင် အသင်းဝင်အဖြစ် အသိအမှတ်ပြုပေးမှာ ဖြစ်ပါတယ်။
စာတွေ့လက်တွေ့များ လုပ်ဆောင်
ဒါ့အပြင် သားတို့သမီးတို့အနေနဲ့ ပြည်သူပြည်သားတွေရဲ့ အစားအစာဘေး အန္တရာယ်ကင်းရှင်းရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ တိရစ္ဆာန်မှလူသို့ ကူးစက်တတ်တဲ့ ရောဂါတွေထိန်းချုပ်ရေးတို့အတွက် အရေးပါတဲ့တိရစ္ဆာန်ဆေးပညာဘွဲ့ရ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးဖြစ်လာဖို့ သင်တန်းကာလ ခြောက်နှစ်အတွင်း စာတွေ့လက်တွေ့တွေ လုပ်ဆောင်ရမယ့်အပြင် နေပြည်တော်အနီးတစ်ဝိုက်ရှိ ကျေးရွာတွေကို အလှည့်ကျသွားရောက်ပြီး နယ်လှည့်ဆေးကုဖို့ လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်း၊ တက္ကသိုလ်ရှိ သင်ကြားရေးအထောက်အကူပြု တိရစ္ဆာန်ကုဆေးရုံတွင် လက်တွေ့ဆေးဝါးကုသခြင်း၊ ခွဲစိတ်ကုသခြင်းတို့အပြင် သဘာဝဘေး အန္တရာယ်ကျရောက်လာပါက တိရစ္ဆာန်တွေကို ကယ်ဆယ်စောင့်ရှောက်နိုင်ဖို့အတွက် ကမ္ဘာ့တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့(WAP) ရဲ့ အကူအညီနဲ့ အစပြုခဲ့တဲ့ Veterinary Emergency Response Unit(VERU) Training and Drillတွေကိုလည်း လေ့ကျင့်ရမှာဖြစ်ပါတယ်။ တက္ကသိုလ်မှာ လက်တွေ့လေ့ကျင့်သင်ကြား ပေးခြင်းတွေအပြင် စာတွေ့နဲ့လက်တွေ့ပေါင်းစပ်နိုင်ဖို့အတွက် တက္ကသိုလ်ပြင်ပ ကွင်းဆင်းလေ့လာရေးခရီးတွေအဖြစ် မွေးမြူရေးဇုန်တွေ၊ ဆင်စခန်း၊ တိရ္ဆာန်ဥယျာဉ်၊ ငါးလုပ်ငန်းစခန်းတွေ သွားရောက်လေ့လာခြင်းအပြင် “ဆေးခန်းဆိုင်ရာ ပညာရပ်များအသင်း” (CSA)ကကြီးမှူး၍ နှစ်စဉ်ကျေးရွာများသို့ သွားရောက်ကာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးဝါးကုသပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်း၊ လူထုပညာပေးခြင်း၊ ရောဂါပျံ့နှံ့မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေ ကောက်ယူခြင်းတို့ကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ နောက်ဆုံးနှစ်သင်တန်းမှာ “ဘွဲ့ယူကျမ်း”အတွက် အုပ်စုငယ်တွေအလိုက် သုတေသနဆောင်ရွက်ခြင်း၊ စာတမ်းပြုစုခြင်းတွေ လုပ်ဆောင်ရမယ့်အပြင် တိရစ္ဆာန်ကုဆေးခန်းတွေ၊ ဆေးရုံတွေ၊ မွေးမြူရေးကုမ္ပဏီတွေ၊ စီးပွားဖြစ်မွေးမြူရေးခြံတွေမှာ လုပ်ငန်းခွင် အကြိုလေ့လာရေးတွေလည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ “တိရစ္ဆာနဆေးပညာဘွဲ့” ရရှိပါက မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ (MVC)မှလည်း တိရစ္ဆာန်ဆေးကုဆရာဝန်မှတ်ပုံတင် (တဆမ) လက်မှတ်အပ်နှင်းပေးမှာဖြစ်ပြီး မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (MVA) မှာလည်း အသင်းဝင်အဖြစ် ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။
မကြာမီလျှောက်လွှာခေါ်ယူသွားမှာဖြစ်
ဘွဲ့ကြိုကာလအတွင်းမှာလည်း ထူးချွနကျောင်းသား ကျောင်းသူတွေအနေဖြင့် နိုင်ငံခြားတိုင်းပြည်တွေမှာ ပညာတော်သင်တွေ၊ လေ့လာရေးခရီးတွေသွားရောက်နိုင်မှာ ဖြစ်ပါတယ်။ အခြေခံဘွဲ့ရရှိပြီးပါက မဟာဘွဲ့၊ ပါရဂူဘွဲ့တွေကိုလည်း ဆက်လက်ဆည်းပူးရင်း နိုင်ငံရဲ့သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမယ့် သုတေသနလုပ်ငန်းတွေကိုဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
မိမိတို့တက္ကသိုလ်ဘွဲ့ရမောင်မယ်များဟာ အစိုးရဌာနတွေ၊ ပုဂ္ဂလိကကုမ္ပဏီတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အလွန်ပေါများပါတယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေအနေနဲ့မွေးမြူရေးလုပ်ငန်းတွေ၊ တိရစ္ဆာန်ကုဆေး ခန်းတွေကို အောင်မြင်စွာလုပ်ကိုင်နေကြသူတွေလည်း အများကြီးရှိပါတယ်။ တက္ကသိုလ်အကြောင်း အသေးစိတ်သိလိုပါက အင်တာနက်ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက်တွေမှာလည်း ရှာဖွေဖတ်ရှုနိုင်ပါတယ်။ တက္ကသိုလ်ဝင်ခွင့်အတွက် ဝင်ခွင့်လမ်းညွှန်စာအုပ်ရဲ့ အချက်အလက်တွေကိုလေ့လာကာ ဝင်ခွင့်ကိုတော့ တက္ကသိုလ်သို့တိုက်ရိုက် လျှောက်ထားရမှာဖြစ်ပြီး နိုင်ငံပိုင်သတင်းစာတွေကနေ မကြာမီလျှောက်လွှာခေါ်ယူသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မွေးမြူဆေးကုပညာရပ်တွေစိတ်ဝင်စားတဲ့ သားငယ် သမီးငယ်တွေအနေနဲ့ လျှောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ ကိုယ်အမှန်တကယ် စိတ်ဝင်စားပြီး လေ့လာဆည်းပူးသမျှကို လက်တွေ့အသုံးချကာ အသက်မွေးမှုပြုနိုင်တဲ့ နိုင်ငံအကျိုး ပြုလုပ်ငန်းတွေမှာ တစ်တပ်တစ်အားပါဝင်ဆောင်ရွက်နိုင်တဲ့ သားကောင်းရတနာ သမီး ကောင်းရတနာများ ဖြစ်လာကြပါစေ။
ပါမောက္ခ ဒေါက်တာမာမာဝင်း (ပါမောက္ခချုပ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်)