နေပြည်တော် စက်တင်ဘာ ၆
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ" လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်တက္ကသိုလ်များနယ်မြေ ရေဆင်းရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ရွှေရတုခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ကိုယ်တိုင်ပူးပေါင်း ပါဝင်၍ မိမိတို့ ဘဝတစ်သက်တာ၌ တရားမျှတမှု၊ လေးစားမှု၊ အများအကျိုး ဆောင်ရွက်တတ်မှု၊ စည်းကမ်း လိုက်နာမှု စသည့်စံနှုန်းများနှင့်အညီ ဆောင်ရွက်ကြခြင်းဖြင့် မိမိတက်ရောက်ခဲ့သည့် တက္ကသိုလ်မှအစ မိမိရပ်ရွာ၊ မြို့၊ နိုင်ငံအထိ ဂုဏ်ယူရသူများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်က အများအကျိုး ဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုး ရှာခြင်းတို့အကြား ခွဲခြားသုံးသပ်ခြင်းနှင့် အခြေခံစဉ်းစားတွေးခေါ်မှုများ မှန်ကန်ရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကို လုံးဝ လက်မခံသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်ထွန်းစေရန်၊ ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းဖြစ်လာ ရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကို အခြေပြုရန်လိုအပ်ချက်များကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက “လူငယ်နှင့် ကျင့်ဝတ် စံနှုန်းများ" ခေါင်းစဉ်အောက်မှ ပါဝင်ဆွေးနွေးကြပြီး ဆွေးနွေးပွဲတက်ရောက်လာကြသူများ၏ မေးမြန်း ချက်များကို ပြန်လည်ဖြေကြားခဲ့ကြကာ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မာမာဝင်းက ကျေးဇူးတင်စကား ပြောကြား၍ အမှတ်တရ လက်ဆောင်များ ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


