နေပြည်တော် ၂၁ ဒီဇင်ဘာ

 

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း)၏ (၃၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရွှေရတုခန်းမ၌ ကျင်းပရာ တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့၊ တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့နှင့် မွေးမြူရေးပညာဘွဲ့များအား ပေးအပ်ချီးမြှင့်သည်။

 

1

 

ယနေ့နံနက်ပိုင်းတွင် ပါရဂူဘွဲ့ (Ph.D) ရရှိသူတစ်ဦး၊ တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့ (M.V.Sc)ရရှိသူ ၁၆ ဦးနှင့် တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့ (B.V.Sc)ရရှိသူ ၂၂၆ ဦးတို့ကို မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း)မှ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ မာမာဝင်းက ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က မြန်မာနိုင်ငံတက္ကသိုလ်များညီလာခံ (၂၀၁၉)၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောပညာရပ်များဆိုင်ရာ စာတမ်းဖတ်ပွဲတွင် ပထမဆုရရှိသည့် ပါမောက္ခ ဒေါက်တာလှိုင်လှိုင်မြင့် (ဌာနမှူး၊ မွေးမြူရေးဆိုင်ရာ ဆေးပညာဌာန)၊ ဒုတိယဆုရရှိသည့် ပါမောက္ခ ဒေါက်တာ စိုးစိုး‌‌ဝေ (ဌာနမှူး၊ တိရစ္ဆာန်ဆေးကုဆိုင်ရာ ပြည်သူ့ကျန်းမာရေး ပညာဌာန)တို့နှင့်အတူ တိရစ္ဆာန်ဆေးပညာ သိပ္ပံဘွဲ့ရရှိသူများထဲမှ တန်းစဉ်အလိုက် စုစုပေါင်း ရမှတ်အများဆုံး ရရှိကြသည့် ပထမ မသန္တာသိန်းထွန်း၊ ဒုတိယ မနှင်းနှင်းထွေး၊ တတိယ မခိုင်ရွှေစင်စိုး တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

 

2

 

ထို့နောက် ပါမောက္ခချုပ်က အမှာစကားပြောကြားရာ အရည်အချင်း မြင့်မားသည့် အမျိုးသား လူ့စွမ်းအားအရင်းမြစ်များဖြင့်သာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြင့်စွာ တည်ဆောက်နိုင်မည်ဖြစ်သောကြောင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် တိရစ္ဆာန်ဆေးကု ဆရာဝန်များ၊ မွေးမြူရေးပညာရှင်များကို စဉ်ဆက်ပြတ် နှစ်စဉ်မွေးထုတ်ပေးလျက်ရှိကြောင်း၊ သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာတက္ကသိုလ်များ၊ အဖွဲ့အစည်းများဖြစ်သည့် ဂျပန်နိုင်ငံ ဟိုကိုင်းဒိုး တက္ကသိုလ်၊ မီယာဇာကီတက္ကသိုလ်၊ ရခုနော့ဂခုအန်း တက္ကသိုလ်နှင့် ကာဂိုရှီးမား တက္ကသိုလ်၊ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်၊ မေဂျိုတက္ကသိုလ်၊ ကိုရီးယာနိုင်ငံ ကွန်းဂု တက္ကသိုလ်၊ ဩစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသနဗဟိုဌာန စသည့်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများ ရေးထိုးထားပြီးဖြစ်ကာ မကြာမီကာလတွင် ဂျပန်နိုင်ငံ ရူကျူးတက္ကသိုလ် ဩစတြေးလျနိုင်ငံ ကွင်းစလန်း တက္ကသိုလ်တို့နှင့်လည်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတော့မည်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်မှစတင်၍ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ တရုတ်နိုင်ငံရှိ မွေးမြူဆိုင်ရာဆေးတက္ကသိုလ်များတွင် ဘွဲ့ကြိုကျောင်းသားကျောင်းသူများအား သုံးနှစ်ဒီပလိုမာ သင်တန်းစေလွှတ်ပေးလျက်ရှိရာ ကျောင်းသားကျောင်းသူစုစုပေါင်း ၄၅ ဦးရှိပြီ ဖြစ်သည့်အပြင် ၂၀၁၃ ခုနှစ်မှစ၍ Asian Veterinary Volunteer Project (AVVP) အစီအစဉ်အရ အာဆီယံနိုင်ငံများသို့လည်း ထူးချွန်ကျောင်းသား ကျောင်းသူများအား လေ့လာရေးခရီး သုံးပတ်ကြာ စေလွှတ်ပေးလျက်ရှိကြောင်း၊  မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သည် “မွေးမြူဆေးကု တိုင်းပြည်ပြု”ဆိုသည့် တက္ကသိုလ်၏ ဆောင်ပုဒ်အတိုင်း သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက်ရှိသော တိရစ္ဆာန်ဆေးကု ဆရာဝန်များ၊ မွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်သည့်အတွက် ဝမ်းသာပီတိဖြစ်မိကြောင်း ပြောကြားသည်။

 

3

 

မွန်းလွဲပိုင်းတွင် မွေးမြူရေးပညာဘွဲ့ (B.A.Sc) ရရှိသူ ၆၅ ဦးတို့အား ပါမောက္ခချုပ် ဒေါက်တာမာမာဝင်းက ဘွဲ့လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီး မွေးမြူရေးပညာဘွဲ့ ရရှိသူများထဲမှ တန်းစဉ်အလိုက် စုစုပေါင်း ရမှတ် အများဆုံးရရှိကြသည့် ပထမ မမီကိုဆွေ၊ ဒုတိယ မရွှေစုမွန်နှင့် တတိယ မပပကျော်တို့ကို အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က ဆုများပေး အပ်ချီးမြှင့်ခဲ့သည်။

 

ယခုနှစ်တွင် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ပါရဂူဘွဲ့ (Ph.D)ရရှိသူတစ်ဦး၊ တိရစ္ဆာန်မဟာဆေး သိပ္ပံဘွဲ့(M.V.Sc)ရရှိသူ ၁၆ ဦးနှင့် တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့ (B.V. Sc)ရရှိသူ ၂၂၆ ဦးနှင့် မွေးမြူရေးပညာဘွဲ့(B.A.Sc) ရရှိသူ ၆၅ ဦး စုစုပေါင်း ၃၀၈ ဦးတို့ကို ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

4

 

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သည် တိရစ္ဆာန်ဆေးပညာဘွဲ့သင်တန်းအတွက် ၁၀၀၊ မွေးမြူရေးပညာဘွဲ့ သင်တန်းအတွက် ၁၅၀ စုစုပေါင်း လူဦးရေ ၂၅၀ ကို တက္ကသိုလ်ဝင်တန်း ရမှတ်ပေါ်မူတည်၍ ရွေးချယ်ခေါ်ယူခဲ့ရာ စတင်တည်ထောင်ခဲ့သည့် ၁၉၅၇ ခုနှစ်မှ ယနေ့အချိန်အထိ ၆၂ နှစ်ကျော်ကာလအတွင်း ယနေ့ဘွဲ့ယူ သူများအပါအဝင် B.A.Sc ဘွဲ့ရ ၁၅၈ ဦး၊ B.V.Sc ဘွဲ့ရ ၅၆၇၂ ဦး၊ DipLIS ဘွဲ့ရ ၂၂ဝ၊ DipLPA ဘွဲ့ရ ၄၄၉ ဦး၊ MPhil ဘွဲ့ရ ၂၁ ဦး၊ MVM ဘွဲ့ရ ကိုးဦး၊ M.V.Sc ဘွဲ့ရ ၂၉၆ ဦးနှင့် Ph.D ဘွဲ့ရ ၂၀ ဦးတို့ကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်သည်။

 

ဇင်ဦး၊ ဝေသူနွယ်(မြန်မာ့အလင်း)

ဓာတ်ပုံ - သီဟစည်သူ