နေပြည်တော်၊ ဒီဇင်ဘာ ၂၉

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ (၃၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းကရေဆင်းရှိ အဆိုပါ တက္ကသိုလ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့် ဆရာ၊ ဆရာမများ၊ ဘွဲ့ခံ ကျောင်းသား ကျောင်းသူများနှင့် မိသားစုများ တက်ရောက်ကြသည်။

 

အခမ်းအနား ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသည် မောင်တို့မယ်တို့ လျှောက်လှမ်းကြရမည့် ဘဝခရီးအတွက် ခြေလှမ်းအစဖြစ်ပြီး အနာဂတ်ခြေ လှမ်းများကိုရှေ့ဆက်ရန် အခွင့်အလမ်းလည်းဖြစ်ကြောင်း၊ တိုးပွားလာမည့် လူသားသန်းပေါင်းများစွာအတွက် ကျန်းမာသန့်ရှင်းသောအစားအစာ အလုံအလောက် ထွက်ရှိရန်၊ ရှိပြီးသော အရင်းအမြစ်များ မပျက်စီးဘဲ စိုက်ပျိုးမွေးမြူနိုင်ရန်၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုလျှော့ချရန်၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ပမာဏအနည်းဆုံးနှင့် စိုက်ပျိုးမွေးမြူနိုင်ရန် ယနေ့ကမ္ဘာတွင် စက်မှုလယ်ယာခေတ်ကို ကျော်လွန်ပြီး Second Agricultural Evolution ဆီကို စတင်ခြေလှမ်းနေပြီဖြစ်ကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် အလိုအလျောက်စနစ် (Automation)၊ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence)၊ မျိုးရိုးဗီဇ တည်ဆောက်ပြုပြင်သောစနစ် (Genetic Engineering)၊ ဆက်သွယ်ရေးနည်းပညာ (Internet of Things ) အစရှိသည့် နည်းပညာများကို မိမိတို့မျိုးဆက်သစ် ပညာရှင်များအနေဖြင့်လည်း နိုင်ငံတကာ နည်းတူ အသုံးပြုပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးတက်ဖွံ့ဖြိုးအောင်၊ ကမ္ဘာနှင့် ရင်ဘောင်တန်းပြီး ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက် ဖြည့်ဆည်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ အမိတက္ကသိုလ်ကြီး၏ ဂုဏ်သိက္ခာကို ဝင့်ထည်အောင် ကျင့်ကြံဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ပြည်ထောင်စုဝန်ကြီးက တန်းစဉ်ပေါင်းရမှတ်အများဆုံးရရှိသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သည်။

 

အခမ်းအနား ဒုတိယပိုင်းတွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်က ဘွဲ့ရ မောင်မယ်များကို သက်ဆိုင်ရာဘွဲ့လက်မှတ်များ ပေးအပ်သည်။

 

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်က နှစ်စဉ်မွေးမြူရေးနှင့် တိရစ္ဆာန်ဆေးကုပညာရှင်များ မွေးထုတ်ပေးလျက်ရှိရာ စတင်တည်ထောင်ခဲ့သည့် (၁၉၅၇) ခုနှစ်မှ ယနေ့အထိ (၆၇) နှစ် အတွင်းမှာ တိရစ္ဆာန်ဆေးသိပ္ပံ BVS/BVSc ဘွဲ့ရ (၅၆၇၂) ဦး၊ မွေးမြူရေးပညာ BASc ဘွဲ့ရ (၂၅၃) ဦး ၊ တိရစ္ဆာန် ဆေးပညာ DVM ဘွဲ့ရ (၁၈၃) ဦး၊ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းဒီပလိုမာ Dip L.I.S (၂၂၀) ဦး၊ မွေးမြူထုတ်လုပ်ရေးဒီပလိုမာ Dip.L.P.A. (၄၄၉) ဦး၊ တိရစ္ဆာန်ဆေးပညာမဟာဒသန MPhil (၂၁) ဦး၊ မွေးမြူရေးမဟာပညာ MASc (၁) ဦး၊ တိရစ္ဆာန်ဆေးပညာမဟာ MVM (၉) ဦး၊ တိရစ္ဆာန်မဟာဆေးသိပ္ပံ MVSc (၃၄၁) ဦး၊ ပါရဂူ PhD (၂၅) ဦးတို့ကို မွေးထုတ်ခဲ့ပြီးဖြစ် ကြောင်း၊ ယနေ့ကျင်းပသည့် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် BASc ဘွဲ့ရ (၅၄) ဦး၊ DVM (၇၅) ဦး၊ MASc (၁) ဦး၊ MVSc (၆) ဦး၊ စုစုပေါင်း(၁၃၆) ဦးကို သက်ဆိုင်ရာဘွဲ့များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်