နေပြည်တော် ဖေဖော်ဝါရီ ၃
စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် တိုင်းရင်းသားရိုးရာ အစားအသောက် ရက်သတ္တပတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ရွှေရတုခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးတက္ကသိုလ်များတွင် တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ လာရောက်၍ ပညာသင်ယူနေကြသည့် မောင်တို့ မယ်တို့အနေဖြင့် တိုင်းပြည်စီးပွားရေး၏ အခြေခံအုတ်မြစ်ဖြစ်သော လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အနာဂတ်ကာလတွင် ပခုံးပြောင်းတာဝန်ယူကြရမည့်သူများဖြစ်သည့် အားလျော်စွာ ပြည်သူများ အာဟာရ ပြည့်ဝပြီး ကျန်းမာပျော်ရွှင်စွာ သက်တမ်းစေ့နေနိုင်ရေး၊ ခေတ်မီနည်းစနစ်များအသုံးပြု၍ အရည်အသွေး ပြည့်ဝသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ခြင်းဖြင့် တောင်သူတစ်ဦးချင်း ဝင်ငွေ တိုးတက်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဆင်းရဲချမ်းသာကွာဟမှုကို ကျဉ်းမြောင်းစေရေးကိုပါ မျှော်မှန်း ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
အခမ်းအနားသို့ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းရင်းသားရိုးရာ အစားအစာများကို လက်ရေတပြင်တည်း ပျော်ရွှင်စွာစားသုံးခဲ့ကြသည်။
စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သော အဆိုပါအခမ်းအနားအား စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေး တက္ကသိုလ် များတွင် ပညာသင်ယူနေကြသည့် ကျောင်းသား ကျောင်းသူများအချင်းချင်း ရင်းနှီးခင်မင်မှု ပိုမိုရရှိစေရန်နှင့် ပြည်ထောင်စုတိုင်းရင်းသားများ၏ ရိုးရာအစားအစာများကို သိရှိလေ့လာနိုင်ကြစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ပြီး ကံစမ်းမဲများဖောက်၍ အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်း အပါအဝင် ပျော်ပွဲရွှင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


