ပွင့်ဖြူ ၁၈ မတ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် မွေးမြူရေးဆိုင်ရာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း (၁/၂၀၁၉)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေး က မြို့နယ်အတွင်း ပြည်သူ့အကျိုးပြု မွေးမြူရေးဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် တက်ရောက်လာသည့် သင်တန်းသားများ အနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးမည့် အခြေခံ တိရစ္ဆာန် မွေးမြူရေးဆိုင်ရာ လုပ်ငန်းများနှင့် တိရစ္ဆာန် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုဆိုင်ရာ သင်ခန်းစာများကို ဂရုတစိုက် လေ့လာသင်ယူသွားကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေး ဦးဆောင်၍ သင်တန်းနည်းပြ ဆရာများက မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် တက်ရောက်လာသည့် သင်တန်းသားများအား ဆိတ် ၊ နွား၊ ကြက်၊ ဝက် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ရောဂါလက္ခဏာများအကြောင်းနှင့် ကြိုတင်ကာကွယ်ရန် နည်းလမ်းများ၊ ရောဂါဖြစ်ပွားပါက ကူးစက်ပြန့်ပွားမှု မရှိစေရေး ထိရောက်သော ကျန်းမာရေး ပြုစုကုသနည်း စနစ်များနှင့် သား/ငါးနှင့် ပတ်သက်၍ ပြည်သူများ ဘေးအန္တရာယ် ကင်းဝေးစေရန် သား/ငါး စစ်ဆေးခြင်း နည်းစနစ်များကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချ ပေးခဲ့ကြသည်။
အဆိုပါ သင်တန်းကို ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ မှ သင်တန်းသား ၂၀ ဦးတို့ တက်ရောက်ခဲ့ကြောင်းသိရပြီး၊ သင်တန်းအား မတ် ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ နှစ်ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


