နေပြည်တော် ဩဂုတ် ၁၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက တိရစ္ဆာန်မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရန်အတွက် မျိုးရင်းမျိုးစစ်များ ထိန်းသိမ်းခြင်း၊ မျိုးပွားခြင်းနှင့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်မှုဆိုင်ရာ  သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်  မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်ရှိ မွေးမြူရေး သုတေသနစခန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါသုတေသနစခန်း၌ ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်အတွင်း ယူရီးယာ (Urea Molasses Multi- nutrient Block,UMMB)ကို စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများ အသုံးပြု၍ ဖော်မြူလာအမျိုးမျိုးဖြင့် ဖော်စပ်ကျွေးမွေးခြင်းနှင့် သန်ချဆေး (Fenbendazole) ရောနှော ကျွေးမွေးခြင်းတို့၏ စားမြုံ့ပြန်သတ္တဝါများတွင် သန်ကောင်ရောဂါ နှိမ်နင်းနိုင်စွမ်းနှင့် ကြီးထွားနှုန်းတို့အပေါ် အကျိုးသက်ရောက်မှုများကို သုတေသနပြု ဆောင်ရွက်လျက်ရှိပြီး နေပီယာ၊ ရိုဇီ၊ မွန်ဘားဆား၊ မူလာတိမြက်မျိုးများ မူလမျိုးရင်းနှင့် စပ်မျိုးပင်ပွားမျိုးတို့၏ အထွက်နှုန်းနှင့် အာဟာရတန်ဖိုးများ၊ မြန်မာနိုင်ငံ၏ ဒေသနွားများဖြစ်ကြသည့် နွားရွှေနီနှင့် နွားပြာစိမ်းတို့၏ မျိုးဗီဇလက္ခဏာ (genotypic)များကို နှိုင်းယှဉ်လေ့လာခြင်းတို့ကိုလည်း သုတေသနပြု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ်၊ ရေဆင်းတက္ကသိုလ်များ နယ်မြေရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ စာသင်ဆောင်များ၊ ကျောင်းသားအိပ်ဆောင်များနှင့် ကျောင်းသူအိပ်ဆောင်များ၊ သရုပ်ပြမွေးမြူရေးခြံများ၊ ဒေသနွား၊ နို့စားနွား၊ တိုင်းရင်းကြက်၊ ဝက်နှင့် မြင်းများ မွေးမြူထားရှိမှု၊ ဇီဝကမ္မဗေဒ၊ ဇီဝဓာတုဗေဒဌာန သုတေသနခြံနှင့် တိရစ္ဆာန်ကုဆေးရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများကို တွေ့ဆုံ အားပေးစကား ပြောကြားခဲ့သည်။

သတင်းစဉ်