နေပြည်တော် ဩဂုတ် ၁၃
အသားငါး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်း များပိုမိုဖွံ့ဖြိုးလာစေရန် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ချဲ့ထွင်နိုင်ရေးအတွက် လိုအပ်သော ကူညီမှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ စဉ် အသိပေးပြောကြားသည်။
ဒုတိယဝန်ကြီးနှင့် မွေးမြူရေးလုပ်ငန်းရှင်များသည် ယမန်နေ့နံနက်ပိုင်းက နေပြည် တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ကန်ကြီးမွေးမြူရေးဇုံ၌ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မွေးမြူရေးဇုံတာဝန်ခံနှင့် မွေးမြူရေးလုပ်ငန်းရှင်များက ကန်ကြီးမွေးမြူရေးဇုံ မြေယာ အသုံးပြုခွင့်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်က ဘက်စုံ ကဏ္ဍစုံမှ ကူညီအားပေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အခြေအနေကောင်း အချိန်အခါကောင်းကို အမိအရ အသုံးချပြီး မိမိတို့ အကျိုးစီးပွားဖြစ်ထွန်းရေး၊ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် အားထုတ်ကြိုးပမ်းကြစေလိုကြောင်း၊ ဒေသ၏ အသား၊ ဥ ၊ နို့ နှင့် နို့ထွက်ပစ္စည်း လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအပြင် မွေးမြူရေး ထွက်ကုန်အခြေခံ တန်ဖိုးမြင့် စားသောက်ကုန်ချောများ ထုတ်လုပ်တင်ပို့ ရောင်းချနိုင်သည်အထိ လုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး ဖန်ဟွမွေးမြူရေးခြံ၌ အသားတိုးဝက်များနှင့် နို့စားနွား မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာရှိ ပုဂ္ဂလိက အသား တိုးဝက် မွေးမြူရေးခြံ၊ ရွှေမြို့မွေးမြူရေးဇုံ ယူနီစန်ကုမ္ပဏီ၏ ဒေသနွားနှင့် နို့စားနွား မွေးမြူရေးခြံနှင့် စူပါကောင်းကုမ္ပဏီ နို့စားနွားမွေးမြူရေးခြံတို့သို့ သွားရောက်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရွှေမြို့မွေးမြူရေးဇုံရှိ ဇီဝလုံခြုံမှု အဆင့်(၃) ရောဂါရှာဖွေရေးဓာတ်ခွဲခန်း တည်ဆောက်မည့်မြေနေရာနှင့် သုတေသနပြု တိရစ္ဆာန်များ မွေးမြူမည့် အဆောက်အဦ မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယ ဝန်ကြီးက မွေးမြူရေး သုတေသန အနေဖြင့် ကုန်းနေသတ္တဝါဆိုင်ရာ တိရစ္ဆာန်မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ မျိုးမွေးမြူ ထိန်း သိမ်းခြင်း၊ မျိုးကောင်းမျိုးသန့် ပွားများထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ် ပေါင်းလောင်းချောင်း အတွင်း ကျည်တောင်ကန်ကျေးရွာ ငါးမွေးမြူရေးတောင်သူ ဦးကြည်ထွန်း၏ ရေပေါ် လှောင်အိမ်ဖြင့် ငါးမွေးမြူထားရှိမှုနှင့် ဒုတိယအကြိမ် ထိုင်းငါးခုန်းမ(၁၀၀၀) မွေးမြူထားရှိမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်