နေပြည်တော် မတ် ၆
မွေးမြူရေးထွက်ကုန်များ ပြည်တွင်းစားသုံးမှုဖူလုံပိုလျှံစေရန်နှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ် (၄)ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင် မြို့နယ်ရှိ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အစည်းဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ၊ တိရစ္ဆာန်အစာထုတ်လုပ်သူများ၊ ညီနောင်အသင်းများမှ လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ဈေးကွက် စီးပွားရေးစနစ်နှင့် အညီ ကုန်ထုတ်လုပ်ငန်းများ အားလုံးကို ပုဂ္ဂလိကပိုင်းက ဆောင်ရွက်နေခြင်းဖြစ်၍ စိုက်ပျိုးမွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာရန် တောင်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအားလုံး ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ချက်များ ၊ ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား မွေးမြူရေးလုပ်ငန်း လုပ်ကိုင် သူများအတွက် ခိုင်မာသော ဈေးကွက်ဖော်ဆောင်နိုင်ကြစေရန် အစားအစာ ဘေးကင်း လုံခြုံပြီး အာဟာရပြည့်ဝသော မွေးမြူရေးထွက်ကုန်များနှင့် ခေတ်မီကုန်ချော ထုတ်လုပ် မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး အစည်းအဝေး၊ တက်ရောက်လာသူများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ မွေးမြူရေးထွက်ကုန်အခြေခံ အသင့်စားကုန်ချောထုတ်စက်ရုံများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး အစားအစာ ဘေးကင်းလုံခြုံရေးနှင့် ဈေးကွက်လိုအပ်ချက်ရှိသော တန်ဖိုးမြင့် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်း ဦးစီးဌာနပိုင် မြေနေရာအား ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် First Gloden Dragon Construction Co.,Ltd ၏ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်