နေပြည်တော်၊ မေ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏စီစဉ်မှုဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မွေးမြူရေးလုပ်ငန်းရှင်များ ပူးပေါင်းလျက် ကြက်သား၊ ကြက်ဥနှင့် ဘဲဥ ဈေးကားသည် နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများ ဖြင့် ရောင်းချပေးလျက်ရှိသည်။
ယနေ့တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်နှင့် သုခသိဒ္ဓိရပ်ကွက်တို့တွင် ကြက်သားပိဿာ(၅၀)၊ ကြက်ဥ(၄၀၀၀)နှင့် ဘဲဥ(၅၀၀)ကို ရောင်းချပေးခဲ့သည်။ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)နှင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်နှင့် မွေးမြူရေးလုပ်ငန်းရှင်များပူးပေါင်းလျက် ပြည်သူများသက်သာ ချောင်ချိရေးအတွက် မတ် ၃၁ ရက်မှ ဧပြီ ၃၀ ရက်အထိ ကြက်ဥအလုံးရေ (၈၅၀၁၅)လုံး၊ ဘဲဥ အလုံး(၃၀)၊ ဆိတ်သား ပိဿာ (၄၀)၊ ကြက်သား (၇၈၆ ဒသမ ၁၀)ပိဿာ၊ ဝက်သားပိဿာ (၃၀၀)နှင့် အမဲသားပိဿာ (၅၀)တို့ကို ရောင်းချပေးခဲ့ပြီး ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)