အစားအစာဘေးကင်းလုံခြုံမှုရှိစေရေးအတွက် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ တင်သွင်း/တင်ပို့ခြင်းတွင် အဟန့်အတား ဖြစ်စေသည့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကင်းရှင်းပပျောက်စေရန် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(OIE)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၊ အာဆီယံအသား ကဏ္ဍလုပ်ငန်းအဖွဲ့ စသည်တို့နှင့် ယခုထက်ပို၍ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီက စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ် လုပ်ငန်းဆောင် ရွက်ပြီးစီးမှုနှင့်၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် အတွင်းဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် ဂျီဒီပီတွက်ချက်ရာတွင် အရေးပါသည့် မြေပြင်တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်း၊ စာရင်းသွင်းခြင်းစသည့် တိရစ္ဆာန်ကောင်ရေစာရင်းပြုစုခြင်းလုပ်ငန်းသည် စီမံကိန်းများ ရေးဆွဲခြင်းနှင့် မူဝါဒများ ချမှတ်ခြင်းတို့တွင်လည်း များစွာအသုံးဝင်မည်ဖြစ်သည့်အတွက် တိကျမှန်ကန်စွာဖြင့် သတ်မှတ်ကာလတွင် ထုတ်ပြန်ပေးနိုင်ရေးအားထုတ်ကြိုး ပမ်းကြသကဲ့သို့ အခြားတဘက်တွင်လည်း အသားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ အစားအစာဘေး ကင်းလုံခြုံမှုရှိရေး၊ မွေးမြူရေးထွက်ပစ္စည်းများစံ သတ်မှတ်ရေးနှင့် မွေးမြူရေးဆိုင်ရာ အလုပ်သမားစံ သတ်မှတ်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပျက် အကောင်အထည် ဖော်ဆောင်ရွက်ကြစေလိုကြောင်း။
အလားတူ သုတေသနလုပ်ငန်းများအနေဖြင့် ရလဒ်ကောင်းများဖော် ထုတ်နိုင်ရေးနှင့် ဖတ်ကြားတင်ပြပြီးဖြစ်သည့် သုတေသန စာတမ်းများကိုအခြေခံပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိထိရောက်စွာအသုံးပြုနိုင်ရေး ၊ သုတေသနဓါတ်ခွဲခန်းများနှင့် အရည်အသွေးစစ်ဆေး ပေးသည့်ဓါတ်ခွဲခန်းများအဆင့်မြှင့်တင်ရေးကို စီမံချက်များရေးဆွဲပြီး နှစ်အလိုက် ဆောင်ရွက်သွားကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်မှာကြားသည်။
အသားတိုးနွားမွေးမြူရေးနှင့်ပတ်သက်၍ ကျွဲနွားများတရားဝင် တင်ပို့ခြင်းကြောင့် ကောင်ရေလျော့နည်းခြင်း မဖြစ်စေရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသနွား၊ နို့စားနွား၊ ကျွဲနှင့်နွားနောက် မွေးမြူရေးစီမံချက်များ ချမှတ်ဆောင် ရွက်လျှက်ရှိသကဲ့သို့ ရောဂါကာကွယ်မှုဆိုင်ရာ လုပ်ငန်းများအနေဖြင့် တိရစ္ဆာန်မှ လူသို့ ကူးစက်တတ်သော ရောဂါများကာကွယ်ထိန်းချုပ်ရေးအတွက် One Health Approach အဖြစ် ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ခြင်း၊ ပဋိဇီဝဆေးခုခံ ကာကွယ်ထိန်းချုပ်ခြင်းများ၊ ခွေးရူး ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် တိရစ္ဆာန် ကူးစက်ရောဂါများကာကွယ်ထိန်းချုပ်ရန်အတွက် ဦးစီးဌာနမှ ကာကွယ်ဆေးများ ထုတ်လုပ်ပြီး ထိုးနှံဆောင် ရွက်လျှက်ရှိကြောင်း၊ တိရစ္ဆာန်ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရန်အတွက် ပြည်သူလူထုအသိပညာပေးခြင်း လုပ်ငန်းများ၊ သတင်းမီဒီ ယာများတွင် ပြည်သူလူထုအသိပညာပေးခြင်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)