ဇွန် ၁၃
မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ မိုးဦးကာလတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မွေးမြူထားသော တိရစ္ဆာန်များအပေါ် ကျရောက်နိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
(၁) ရေဒီယို၊ ရုပ်မြင်သံကြားများနှင့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည့် မိုးလေဝသ သတိပေးချက်များကို ဂရုပြုနားထောင်ဖတ်ရှုစောင့်ကြည့်ရန်၊
(၂) တိရစ္ဆာန်များအတွက် ဒေသတွင်းရရှိနိုင်သည့် ကောက်ရိုး၊ ပြောင်းရိုး၊ ပဲရိုးနှင့် ပဲမှော် အစရှိသည့် တိရစ္ဆာန်အစာနှင့် သောက်သုံးရေများ၊ လုံလောက်စွာ ကြိုတင်စုဆောင်းထားရန်၊
(၃) ရေကြီးရေလျှံဖြစ်ပေါ်လေ့ရှိသော ဒေသများ၌ တိရစ္ဆာန်များကို ရေဘေးအန္တရာယ်မှ ကင်းလွတ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်၊
(၄) ရေဘေးအန္တရာယ် ကျရောက်သည်မှလွဲ၍ အခြားသဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရန် တိရစ္ဆာန်များကို အကာအကွယ်ရှိသော ခြံများအတွင်း စနစ်တကျ မွေးမြူထားရှိရန်၊
(၅) ရေးဘေးအန္တရာယ် ကျရောက်လာပါက တိရစ္ဆာန်များကို ရေလွတ်သောနေရာများသို့ အလျင်အမြန် ပြောင်းရွှေ့နေရာချထားရန်အတွက် ကြိုတင်စီမံထားရန်၊
(၆) သိုလှောင်ထားသော တိရစ္ဆာန်အစာများကို ရေးဘေးကင်းလွတ်ရာသို့ အချိန်မီ ပြောင်းရွှေ့နိုင်ရေး ကြိုတင်စီမံထားရန်၊
(၇) ရေးဘေးအန္တရာယ် ကျရောက်ချိန်၌ ရေပြန်ကျချိန်တွင် ကူးစက်ရောဂါများ ဖြစ်ပွား တတ်သဖြင့် တိရစ္ဆာန်များကို ဦးစီးဌာနက သတ်မှတ်ထားသည့်အတိုင်း တိရစ္ဆာန် ရောဂါကာကွယ်ဆေးများ ကြိုတင်ထိုးနှံထားရန်၊
(၈) တိရစ္ဆာန်များ ကူးစက်ရောဂါ၊ သာမန်ရောဂါနှင့် ထိခိုက်ဒဏ်ရာများရရှိပါက ဆေးကုသမှု အမြန်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ဆက်သွယ်ရန်၊
(၉) တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြား ပူးပေါင်းဆောင်ရွက်ရန်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန


