နေပြည်တော် ၁ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၏ အနောက်မြောက်ဘက် (၁၄) မိုင်ခန့်အကွာကို ဗဟိုပြု၍ ယမန်နေ့ ည ၉ နာရီ ၃၉ မိနစ်ခန့်က အင်အားရစ်(ခ်)တာစကေး ၆ ဒသမ ဝ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့မှုဖြစ်ပေါ်ခဲ့သော်လည်း ငလျင်ဗဟိုချက်အနီးတစ်ဝိုက်ရှိ ရေလှောင်တမံနှင့် ဆက်စပ်ရေအား အဆောက်အအုံများ ပျက်စီးမှု တစ်စုံတစ်ရာမရှိကြောင်း သိရသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ငလျင်ဗဟိုချက်အနီးတစ်ဝိုက်ရှိ ကာဘိုးရေလွှဲဆည်၊ ကိုးပင်ရေလှောင်တမံ၊ သဖန်းဆိပ်ရေ လှောင်တမံ၊ ကင်းတပ်ရေလွှဲတမံနှင့် အခြား ရေလှောင်တမံများကို အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း။
ကနဦး ကွင်းဆင်းစစ်ဆေးမှုများအရ ရေလှောင်တမံ၊ ရေလွှဲဆည်နှင့် ဆက်စပ်ရေ အား အဆောက်အအုံများ ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိဘဲ အသေးစိတ်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ထူးခြားမှုများရှိပါက ပြည်သူများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)


